လွန်ခဲ့သည့် ၂ နှစ်ကျော်က ကချင်ပြည်နယ်မှ ကိုးတန်းကျောင်းသူ သေဆုံးခဲ့မှုအပေါ် အမှုမှန်ပေါ်ပေါက်စေရန် အစိုးရမှ လွတ်လပ်ပြီး မျှတသည့်ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးရန် သေဆုံးသူ၏ ဖခင်နှင့် အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေ သည့် ကော်မတီက တောင်းဆိုလိုက်သည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်း စစ်ဆေး ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ဘာကြောင့်သေဆုံးတာလဲဆိုတာ ကို အဓိက ထားပါတယ်၊ နောက်ပိုင်းကျမှတရားစွဲတာကို် ဒုတိယအနေနဲ့ လုပ်မယ်။ ကျွန်တော် တို့်အစို်းရဆီက လွတ်လပ်တဲ့တရားမျှတ တဲ့စုံစမ်းစစ်ဆေးရေး အဖွဲ့ကို်ဖွဲ့ပေးစေချင်တယ်” ဟု အဆိုပါ မဂျာဆိုင်းအိန်သေဆုံးမှုအတွက် ဖွဲ့စည်းထားသော ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီမှ အိုက်ဇက် အောင်က ဒီဇင်ဘာလ ၆ရက်က ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန်နှင့်အတူ ဆရာမ ဒေါ်နန်ဆန့် အပါအဝင် ကျောင်းသူ လေးဦး တို့က ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်းနေစဉ် အားလုံးထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်အိန်၏ နောက်တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ဖခင် ဦးဘရန်ရှောင်က ယခင်က မဇ္ဈိမကို ပြောဆိုထားသည်။
အဆိုပါဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေး အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်း တည်ငြိမ်ရေးကော်မရှင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့ထံ ဖခင်ဖြစ်သူက ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကတည်းက တိုင်ကြားစာပေးပို့ထားသေးသည်။
တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့ က မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO တပ်များဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ပါရှိသည်။
ထိုသို့ တိုင်ကြားမှုအပေါ် အစိုးရတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ စစ်ဆင်ရေးမှူးမှ မမှန်မကန် တိုင်ကြားမှုဖြင့် ဦးဘရန်ရှောင်ကို ပြန်လည် တရားစွဲဆိုခဲ့သည်။
အဆိုပါတိုင်ကြားမှုတွင် ရုံးချိန်းပေါင်း ၄၇ချိန်း တက်ခဲ့ရသည်ဟု ဦးဘရန်ရှောင်က ဆိုကာ “တရာလိုစစ်ဖို့် ခေါ်တော့ နေရပ်အတည် အကျမရလို့ ခေါ်မရတော့ဘူး။ ၉ရက် ၉လပိုင်း ၂၀၁၃ ထဲက ရှာမရတော့ဘူး။ အမှုကဆက်သွားလလို့လည်း မရဘူး” ဟု ပြောသည်။
ထို့ကြောင့် အစိုးရက စုံးစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးမှသာ အလောင်းကိုပြန်ဖော်ကာ ခွဲစိတ်စစ်ဆေးပြီး အတည်ပြုချက် ရယူနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။