သစ်တောတည်ထောင်ခြင်း လုပ်ငန်းများတွင် ဒေသခံများပါဝင်သော အစုအဖွဲ့ ပိုင်သစ်တော ၃၆ ခုကို ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဂေဟ စနစ် ထိန်းသိမ်းခြင်းနှင့် ပြည်သူ့အစုအဖွဲ့ ဖွံ့ဖြိုးရေးအသင်း ECCDI ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောသည်။
ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်မြို့၊ မီကာဆာဟိုတယ်တွင်ကျင်းပသော ရေရှည်တည်တံ့သော ကမ်းရိုးတန်း ဒေသအုပ်ချုပ်ရေးနှင့် ပြည်သူ အစုအဖွဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ အတွေ့အကြံုများနှင့် သင်ခန်းစာများ လေ့လာခြင်း ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစုအဖွဲ့ပိုင်သစ်တောကို ရှမ်းပြည်နယ်ရှိ ကလော၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ၊ ညောင်ရွှေ မြို့များတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ ကျိန်တလီမြို့နယ်တို့တွင် အကောင်အထည်ဖော် သွားမည် ဖြစ်သည်။
“အစုအဖွဲ့ပိုင်သစ်တောတွေကနေ ပြည်သူတွေက နိစ္စဓူဝစားသောက်ဖို့ လိုတယ်။ ဒါကြောင့် စီးပွားရေး အဆင်ပြေအောင်စျေးကွက်နဲ့ ချိတ်ဆက်ဖို့ပေးလိုတယ်” ၎င်းက ပြောသည်။
အဆိုပါ အစုအဖွဲ့ပိုင် သစ်တောများ လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် သုတေသနလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ထိုဒေသတွင် အစုအဖွဲ့ပိုင် သစ်တောများ ၁၆ ခုဖော်ဆောင်ပြီး ကျန်မြို့များတွင် ငါးခုစီလုပ်ဆောင်မည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာန၏ နှစ် ၃၀ ပင်မစီမံကိန်း (၂၀၀၁-၃၀) အရ နိုင်ငံအတွင်း အစုအဖွဲ့ ပိုင်သစ်တောဧက ၂ ဒသမ ၂၇ သန်းအထိ တိုးမြှင့်ဆောင်ရွက်ရန် လျာထားပြီး လက်ရှိတွင် အစုအဖွဲ့ပိုင်သစ်တောဧက ၁၃၀,၀၀၀ ကျော်သာရှိသည်။