စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အိန္ဒိယ နိုင်ငံဘက်မှ နယ်မြေကျော်ထားသော နေရာများကို ဖယ်ပေးရန် မြန်မာအစိုးရက ကန့်ကွက်ထားသော်လည်း အိန္ဒိယဘက်က ယနေ့အထိ ဖယ်ရှားခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်း နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နယ်နိမိတ်စည်းမျဉ်းကို နှစ်ဖက် တာဝန်ရှိသော အဖွဲ့အစည်း များနှင့် ပြန်လည်တိုင်းတာခဲ့ပြီးနောက် ထပ်မံမြေတိုင်းရန်ကိုမူ နှစ်နိုင်ငံ တရားဝင် စာမထွက်သေးသဖြင့် အငြင်းပွားသော နေရာများ တွင် နှစ်နိုင်ငံစစ်တပ်များ ချထားဆဲ ဖြစ်သည်။
ဦးစိုးစိုးဇော်က “အငြင်းပွားနေရာတွေမှာ မိုင်တိုင် ရ၆ ဆိုရင် ကျွန်တော်တို့ ကန့်ကွက်တာကို သူတို့ဘက်က မညှိဘဲရွာကို တိုးပြီးတော့ မြန်မာ ဘက်ကို ထည့်ထားတယ်။ အငြင်းပွားတဲ့ နေရာအားလုံးကို ကျွန်တော်တို့ဘက်က တစ်ပတ်တစ်ခါသွားပြီး စစ်ဆေးကြပါတယ်” ဟု ပြောသည်။
နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုသည် တမူးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်တို့၏ နယ်စပ် မိုင်တိုင် ရ၆၊ ရ၇၊ ရ၈၊ ရ၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃ တို့ကြားတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တမူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်တို့သည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်ဝန်၊ အာသံ အမှတ် (၉) တပ်ရင်းမှူး၊ မိုးရေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ခွဲ ရဲဝန်တို့ကို ကျူးကျော်နေရာများမှ ဖယ်ရှားပေး ရန်တို့ကို အကြောင်းကြားစာကို ၁၀ ကြိမ်ကျော်ပေးပို့ထားခဲ့သည်။
ယင်းကြောင့် ယခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တမူးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက အငြင်းပွားနယ်စပ် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမည်ဖြစ်ကြောင်း မေး ခွန်းတင်ခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယဘက်က မြန်မာ့မြေ တွင် နယ်မြေအများအပြား ကျူးကျော် ထားသည်ကို တွေ့မြင်ရသည့်အတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ နယ်စပ်တိုင်း တာခြင်းများ ပြု လုပ်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းတာပြီးမှသာလျှင် အမှားမမှန်ကို သိနိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေဆို ထားခဲ့သေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက “မြေပြန်တိုင်းရင် ကျွန်တော်တို့နိုင်ငံကို သူတို့က ပြန်ပေးရ မယ့်မြေတွေက တော်တော်များ မှာဗျ။ သူတို့နိုင်ငံသားတွေက ဒီဘက်မှာ အိမ်ဆောက်နေတဲ့ လူတွေရှိတယ် ။ နှစ်နိုင်ငံ ညှိဦးမယ်ဆိုလို့ စောင့်နေပါတယ်။ မထူးသေးရင် ထပ်ပြီးတော့ တင်ဖို့လုပ်မှာပါ” ဟု ပြောသည်။
နယ်နိမိတ်တိုင်းတာမှု အတည်မပြုရ သေးသည့် နယ်နိမိတ်မျဉ်း မိုင်တိုင် ရ၇၊ ရ၈ တို့တွင် အိန္ဒိယအစိုးရက စစ်ဆေးရေးဂိတ် (Integrated Check Post - CPI) ဆောက်လုပ်ရန် မြန်မာမြေတွင် တိုးချဲ့နေခြင်း၊ အိန္ဒယဘက်မှ ဟောင်လင်းဖိုင်(ခေါ်) မန်ကမ်ရွာသစ် ကို ဆောက်လုပ်ခြင်းနှင့် အိန္ဒိယဘက်မှ နယ်စပ်ခြံ စည်းရိုး သံတန်းများခတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း တမူးလူငယ်ကွန်ရက်၏ အချက်အလက်ကောက် ယူချက်များအရသိရသည်။ တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကိုဦးက “လတ်တလောတော့ ကျူးကျော်နေရာ တွေကို ဖယ်မပေးသေးပေမယ့် ဆက်မတိုးဘဲ ငြိမ်နေကြတယ်။ ကျွန်တော်တို့ အရပ်ဘက် အဖွဲ့တွေကလည်း စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။
တမူးမြို့တွင် ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းတို့က မြန်မာနိုင်ငံနယ် နိမိတ်ကျူးကျော်ခြင်းကို လက် မခံကြောင်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒထုတ်ဖော်ကြ ဖူးသည်။