အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှုတွင် ထပ်ဆောင်းငွေများကို ထည့်သွင်းတွတ်ချက်ခြင်း မပြုဟူသော ကတိ ပြည်ထောင်စု ဝန်ကြီးထံမှ ရထားသည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှု ကော်မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။
နေပြည်တော်တွင် နိုဝင်ဘာလ၂၉ ရက်နေ့က စတုတ္ထအကြိမ်မြောက်ပြုလုပ်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝန်ကြီးများ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်မှု ကော်မတီအဖွဲ့မှ အလုပ်သမားနှင့် အလုပ်ရှင်များ၏ ကိုယ်စားလှယ် များ တက်ရောက်သော တွေ့ဆုံပွဲတွင် ယင်းသို့ ကတိပြုသည်ဟု ၎င်းက ဆိုသည်။
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ထပ်ဆောင်းငွေများဖြစ်သည့် ရက်မှန်ကြေး၊ အပိုထောက်ပံ့ကြေး၊ အလုပ်အချိန်ပိုကြေး၊ လုပ်ခနှင့် ရှားပါးစရိတ်များကို အနိမ့်ဆုံး လုပ်ခလစာတွင်ထည့်သွင်း တွက်ချက်ခြင်း ပြုမည်မဟုတ်ဘဲ စစ်တမ်းကောက်ယူရရှိမှုပေါ် မူတည်ပြီး ထပ်ဆောင်းငွေအဖြစ် သီးသန့် သတ်မှတ်ပေး မည်ဟု ဆိုသည်။
ကိုနော်အောင်က “စက်ရုံ၊ အလုပ်ရုံတွေမှာ ထပ်ဆောင်းငွေတွေဖြစ်တဲ့ ရက်မှန်ကြေးတွေ ပေါင်းပြီးမှ လစာက ရ၀,၀၀၀ လောက်ရတာ။ အလုပ်ပျက်တာနဲ့ တစ်ခါ ဖြတ်တောက်လိုက်တော့ အလုပ်သမားတွေ လစာအပြည့် မရကြဘူး။ ထပ်ဆောင်းငွေတွေ ဘယ်လောက်ရှိ သင့်တယ် ဆိုတာတော့ အလုပ်သမားအဖွဲ့ ချုပ် ဆွေးနွေးပွဲတွေကနေတစ်ဆင့် သက်ဆိုင်ရာ အလုပ်သမား ခေါင်းဆောင်တွေကနေ အလုပ်သမားတွေ ဆီက သဘောထားဆန္ဒ မေးမြန်းပြီး ထပ်ဆောင်းငွေသီးသန့် သတ်မှတ်နိုင်ဖို့ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အလုပ်သမားရေးရာ ကွန်ရက်အဖွဲ့ဝင် ဒေါ်အိရွှေစင်ညွန့်က “အနည်းဆုံး အခကြေးငွေက အလုပ်သမားတွေရဲ့ အခြေခံလစာဖြစ်လို့ ထပ်ဆောင်းငွေတွေ ထည့်သွင်း မတွက် ချက်သင့်ပါဘူး။ ဝန်ကြီးဌာန အနေနဲ့ ရဲရဲဝ့ံဝံ့ လုပ်ဆောင်ပေးသင့်ပါတယ်။ ထပ်ဆောင်းငွေ လစာထဲထည့် တွက်ပြီးပေးတာ ဘယ်နိုင်ငံမှလည်း မရှိပါဘူး။ သတ်မှတ်မှု တစ်ခုခု ပီပီပြင်ပြင် သတ်မှတ်ပေးမှ အလုပ် သမား အရေး ပြေလည်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အနည်းဆုံးလုပ်ခလစာကို ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ဇွန် ၃ ရက်က ပြည်ထောင်စုလွှတ်တော် ဒသ မ ပုံမှန်အစည်းအဝေး၌ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကတိပြု ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ စစ်တမ်းကောက်ယူမှုနှင့် ပတ်သက်၍ တိတိကျကျ သတင်းထုတ်ပြန်နိုင် ခြင်းမရှိသေးပေ။
အဆိုပါ အနိမ့်ဆုံး လုပ်ခလစာကို တိုင်းနှင့်ပြည်နယ်အလိုက် တင်ပြလာသော အနိမ့်ဆုံး အခကြေးငွေနှုန်း ထားများအပေါ် မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် လုပ်ငန်းကဏ္ဍအလိုက် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ကာ အများပြည်သူသိရှိအောင် ကြေညာပေး မည် ဖြစ်သည်။ ထိုသို့ သတ်မှတ်ချက်ကို ကျေနပ်မှုမရှိ ၍ ကန့်ကွက်လိုသူများသည် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်မည် ဖြစ်သည်။