လိုင်ဇာပစ်ခတ်မှုအတွက် ဖြေရှင်းပေးရန် အစိုးရကို NCCT မေးခွန်းထုတ်

လိုင်ဇာပစ်ခတ်မှုအတွက် ဖြေရှင်းပေးရန် အစိုးရကို NCCT မေးခွန်းထုတ်
by -
မဇ္စျိမ

 လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပေါ် တာဝန် ယူဖြေရှင်းနိုင်ရန် အပါအဝင် အချက် ၅ချက်ဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က အစိုးရကို မေးခွန်း ထုတ်လိုက်သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ဒီဇင်ဘာလ ၂ ရက်နေ့က ပြောသည်။

ဒီဇင်ဘာလ ၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Imperial ဟိုတယ်၌ NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံ ယင်းအချက် ငါးချက်ကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုအပြီး ၎င်းက သတင်းထောက်များကို ပြောသည်။

“လိုင်ဇာမှာ ဖြစ်ပွားမှုအပေါ်မှာ ရဲဘော်တွေ ထိခိုက်မှုတို့ နာကြီးမှုတို့ ရှိတဲ့အပေါ်မှာ တဖက်က ဒီဖြစ်စဉ်ကို ပြန်လည် ကုစားနိုင်မယ့် အနေအထား တခုခု ဆက်လက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု မရှိဖို့အတွက် တာဝန်ယူလုပ်ဆောင်ပေးဖို့ တောင်းဆိုတာ ရှိတယ်" ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ယခု မေးခွန်းများကို အစိုးရအနေဖြင့် ပြန်လည်ဖြေရှင်းပေးမှုအပေါ် မူတည်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ဆွေးနွေးမှုအတွက် အစိုးရနှင့် NCCT တို့ တွေ့ဆုံမှုကို ဆုံးဖြတ်မည်ဟု ဆိုသည်။

၎င်းက ဆက်လက်၍ "နောက်တခုက တွေ့ဆုံဆွေးနွေးရေး လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အခုညှိနှိုင်းတဲ့အပေါ်မှာ တစ်ဖက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့သုံးသပ်မှု။  ပြန်လည် တုံ့ပြန်မှုကို စောင့်ကြည့် ပြီးတော့ ဒါကို ရရှိပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ပြန်လည် တွေ့ဆုံနိုင်ဖို့အတွက် ဆုံးဖြတ်သွားမှာ ဖြစ်တယ်”ဟု ပြောသည်။

NCCTက ဦးအောင်မင်းအား မေးမြန်းထားချက်များကို မကြာမီ ရက်ပိုင်းအတွင်း အကြောင်းပြန်ကြားပေးကာ အပစ်ရပ်စာချုပ်အတွက် ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးရန် မျှော်လင့်သည်ဟု MPC မှ အကြီးတန်း အကြံပေး တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာ ၁၉ရက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က ပစ်ခတ်မှုကြောင့် ပလောင်၊ ချင်း၊ ရခိုင်နှင့် ABSDF တို့မှ ဗိုလ်လောင်း ၂၃ဦး ကျဆုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်မတိုင်မီတွင် ကေအိုင်အေ၏ နှစ်ကြိမ်တိုင် တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ စစ်သည် ၄ဦးဒဏ်ရာရခဲ့သဖြင့် တန်ပြန် သတိပေး ပစ်ခတ်ခြင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂ရက်က MPC နှင့် NCCT တို့ တွေ့ဆုံဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းအပေါ် အခြေခံ၍ အစိုးရဘက်မှ ပြင်ဆင်ထား သည့် အချက်များအပေါ် ဆွေးနွေးခဲ့သည်။ သို့သော် ပြန်လည် ညှိနှိုင်းသည့် အချက်များကိုမူ ပြောဆိုရန် နှစ်ဖက်လုံးက ငြင်းဆိုခဲ့သည်။ ယင်းအပြင် MPC နှင့် မတွေ့ဆုံမီ ဒီဇင်ဘာ ၁ရက်က NCCT အစည်းအဝေး၌ ပြင်ဆင်၊ ဖြည့်စွက်ချက်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် သဘောတူညီမှု အချို့ ရရှိခဲ့ပြီး ကျန်ရှိသည့် အချက်များကိုမူ UPWC ထံ ပြန်လည် တင်ပြမည်ဟု ဆိုသည်။ NCCTနှင့် UPWC တို့ ဒီဇင်ဘာ ၂၅ရက် (ခရစ္စမတ်) မတိုင်မီ တွေ့ဆုံရန် အဆိုပြုထားမှုကို ဒီဇင်ဘာလ ၁၇၊ ၁၈နှင့် ၁၉ ရက်များတွင် NCCTက ပြန်လည်အကြောင်းပြန်ကြားမည်ဟုလည်း ဆိုသည်။

နိုဝင်ဘာလ ၃၀ နှင့် ဒီဇင်ဘာလ ၁ ရက်တွင် NCCT အဖွဲ့ဝင်များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းအပေါ် အကြိုညှိနှိုင်း ဆွေးနွေးမှုတွင် အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့် အချက် ၈ ချက်ထဲမှ ထက်ဝက်ခန့် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ပဒိုကွယ်ထူးဝင်းက မဇ္စျိမကို ပြောထားသည်။

Most read this week