တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူချုပ်မူကြမ်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ နှစ်ရက်ကြာ အကြိုဆွေးနွေးမှုတွင် အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့် အချက် ၈ ချက်ထဲမှ ထက်ဝက်ခန့်ကို သဘောတူညီမှု ရခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် သဘောတူညီမှု မရသေးသော အချက် ၈ ချက်ထဲမှ ထက်ဝက်ကျော် သဘောတူညီမှု ရသော်လည်း အချို့အချက်များမှာ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပြန်လည်ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသည်ဟု သူက မဇ္စျိမကို ပြောသည်။ သို့သော် သဘောတူညီမှု ရရှိခဲ့သည့် အချက်များကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“UPWC တင်ပြတဲ့အချက်တွေ သဘောတူတာရှိသလို၊ ဆိုလိုတာက ကျွန်တော်တို့ တင်ပြချက်နဲ့ သူတို့ တင်ပြချက်နဲ့ပေါင်းပြီး ရေးလိုက်တာ လည်း ရှိတယ်။ ပြန်ပြင်ရေးတာလည်း ရှိတယ်။ သဘော တူညီချက် တော်တော် များများရပါတယ်။ တဝက်ကျော်လောက်တော့ ကျွန်တော်တို့ သဘောတူတယ်။ သုံး၂ ပုံလောက် ကတော့ ကျနော်တို့ နည်းနည်းပြန်ပြီး ဆွေးနွေးရမယ်။ ရာခိုင်နှုန်း တဝက်ကျော်တော့ သဘောတူညီ တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တချို့ဟာတွေ သဘောတူညီချက်ရဖို့ ဆွေးနွေးချက်တွေ ပြန်ပေးရမယ်” ဟု သူက ပြောသည်။
နှစ်ဘက် သဘောတူညီမှု မရသေးသော တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ဒီဇင်ဘာ ၂ ရက်တွင် သီးသန့်ဆွေးနွေးမည်ဟု ဖဒိုကွယ်ထူးဝင်းက ပြောသည်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ ညှိနှိုင်းဆွေးနွေးရန် အစိုးရဘက်က MPCမှတစ်ဆင့် အဆိုပြုထားသည်။
ယင်းအဆိုပြုချက်ကိုလည်း ဒီဇင်ဘာ ၂ရက်တွင် ဆွေးနွေးပြီး ဆုံးဖြတ်မည်ဖြစ်ပြီး မပြီးပြတ်သည့် အချက်များကိုလည်း ဆက်လက်ဆွေးနွေး မည်ဟု ၎င်းက ပြောသည်။
ယခု ကျင်းပလျက်ရှိသည့် NCCT ၏ ဆွေးနွေးပွဲသို့ အဖွဲ့ဝင် ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေး အဖွဲ့ (PNLF) နှင့် KPC ကရင် ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စား လှယ်များ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၃၀ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Imperail ဟိုတယ်တွင် စတင်ကျင်းပသော NCCT အစည်းအဝေး ပထမနေ့တွင် နှစ်လ ခန့်ကြာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်ကို ဆက်လက်ဆွေးနွေးကြရန် ရန်ကုန်မြို့အခြေစိုက် အရပ်ဖက်လူမှု အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်လုပ်ငန်း ကော်မတီဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။