မြန်မာနိုင်ငံရှိ ရေသယံဇာတ မျိုးစိတ်တစ်ခုဖြစ်သော ပင်လယ်မြက်များတည်ရှိမှု အခြေအနေကို ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်တမ်းများကောက်ယူသွားမည်ဟု နိုင်ငံတကာ တိရစ္ဆာန်နှင့် အပင်ထိန်း သိမ်းရေးအဖွဲ့ Fauna and Flora International (FFI) မှ အဏဝါသတ္တဗေဒပညာရှင် ဦးဇော်လွန်းက ပြောသည်။
အဆိုပါစစ်တမ်းကို နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်သော The Bay of Bengal Large Marine နှင့် FFI တို့ပူးပေါင်းကာ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်ကျွန်းစု၊ ရခိုင်ပြည်နယ်ရှိ ဂွကျွန်း များတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း သွားရောက်လေ့လာပြီး စစ်တမ်းကောက်ယူမည်ဖြစ်သည်။
ပင်လယ်မြက်များသည် ပင်လယ်အောက်ခြေရှိ အလင်းရောင်ရရှိသော နေရာများတွင်သာ ပေါက်ရောက်လေ့ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေဝက်ခေါ်ရေသူမ (Dugong) များ၊ ရေနဂါးများ နှင့် ငါးများနေထိုင်မျိုးပွားသည့် နေရာလည်းဖြစ်သည်။
“ပင်လယ်မြက်များ၏ လက်ရှိရင်ဆိုင်ရသည့် စိန်ခေါ်မှုအခြေအနေများနှင့် ပတ်သက်၍ ပင်လယ်မြက်တွေက အောက်ခြေ ရေဆွဲ ပိုက်တွေကြောင့် ပျက်စီးတယ်။ ကုန်းမြေဧရိယာတွေက ရေဝေရေလဲမှာရှိတဲ့ သစ်တော တွေပြုန်းတီးတဲ့အတွက် အဲဒီကကျလာတဲ့ နုန်း အနည်နှစ်တွေက ပင်လယ်မြက်တွေကိုဖုံးပြီး အစာချက်လုပ် မှုမလုပ်နိုင်တော့ ပျက်စီးတယ်” ဟု ဦးဇော်လွန်း ကပြောသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ပေါက်ရောက်သော Halophila beccarii သည် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သော (VU) ပင်လယ်ရေမြက် မျိုးစိတ်အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်ဟု myanmarbio-diversity.org တွင် ဖော်ပြထားသည်။