ကျောင်းသားများ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြ

ကျောင်းသားများ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြ
by -
မဇ္စျိမ

ကျောင်းသားများ ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို မန္တလေး ခရိုင် ကျောင်းသားများ ဦးဆောင်၍ နိုဝင်ဘာ ၂၇ ရက်တွင် အိမ်တော်ရာဘုရားအနောက် ဘက်မုခ်မှစတင်၍ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မန္တလေးခရိုင်၊ တောင်ငူခရိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကျောက်ဆည် ခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်တို့ မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော်သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

မန္တလေးခရိုင် ကျောင်းသားများ ဦးဆောင်၍ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“ပညာရေး ဥပဒေမူကြမ်းကတည်းက ကျွန်တော်တို့ ကျောင်းသားတွေ ကန့်ကွက်ခဲ့တယ်။ ဒါကိုအစိုးရက ဂရုမစိုက်ဘဲ အတည်ပြုခဲ့တယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ပညာရေးဥပဒေက ကျွန်တော်တို့ လိုချင်တဲ့ ပညာရေး လွတ်လပ်ခွင့်ကိုအာမခံပေးနိုင်မှာ မဟုတ်ဘူး။

“ဒါကြောင့် ဒီလိုသပိတ်မှောက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်”ဟု မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဆွေလင်းထွန်း က ပြောသည်။

အဆိုပါ သပိတ်မှောက်ကျောင်းသားက ဆန္ဒပြရန် ခွင့်ပြုမိန့် မတင်သောကြောင့် တားဆီးမှုများရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ နားလည်တာက အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ တကယ်လို့ သက်ဆိုင်ရာက တရားစွဲလာခဲ့ရင်လည်း ရင်ဆိုင်သွားမယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသားများ ရ၈ လမ်းမှ လမ်း ၃၀ အတိုင်း ချီတက်ဆန်္ဒထုတ်ဖော်ချိန်တွင် ဆေးရုံကြီးရှေ့အရောက်၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မန္တလေး ဆေးရုံကြီးသို့အလာနှင့် ကြံုတွေ့ခဲ့သဖြင့် ကျောင်းသားများက ၎င်းတို့၏ လိုလားချက်များကို လမ်းပေါ်မှ လှမ်း၍ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လည်းကောင်း၊ လွှတ်တော်သည် လည်းကောင်း၊ ကျောင်းသားများအတွက်၊ ဆရာများ၏ အခွင့်အရေးကို အပြည့်အဝအာမခံနိုင် သည့် ဥပဒေများ မပေါ်ပေါက်သမျှ ကာလပတ်လုံး ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ တရားစွဲ ဆိုခံရခြင်းများကို ဂရုပြုမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ကျောင်းသားတွေ လမ်းပေါ်ထွက် တယ်ဆိုတာ လိုအပ်ချက်ရှိလိ့ု ထွက်တာ။ ဘယ်သူမှ လမ်းပေါ်ထွက်ချင်မှာ မဟုတ်ပါဘူး။ ဒါကို လမ်းပေါ်ထွက်စရာ မလိုအောင် အစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်ဖိ့ုလိုတယ်” ဟု မန္တလေးမြို့ခံ ကိုသိန်းအောင်မြင့်က ပြောသည်။

ကျောင်းသားများ၏ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခြင်းအပေါ် မန္တလေးရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မန္တလေး)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (အထက်ဗမာပြည်)၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ (အထက်ဗမာပြည်)၊ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ (မန္တလေး)တို့မှ ကျောင်းသားထု၏ တိုက်ပွဲကို ထောက်ခံနေမည်ဟူသော အချက် ၄ ချက်ပါ ပူးတွဲသဘောထား ကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်ကို ဆနပြကျောင်းသားများထံမှ ကျောင်းသား တစ်ဦးက မြို့တော်ခန်းမရှေ့တွင် ဖတ်ကြားခဲ့သည်။

Most read this week