တိုက်ပွဲများကြောင့် မနောပွဲကျင်းပရေး မသေချာ

တိုက်ပွဲများကြောင့် မနောပွဲကျင်းပရေး မသေချာ
by -
မဇ္စျိမ

ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယခုနှစ် မနောပွဲကျင်းပရန် မသေချာသေးဟု ပွဲကျင်းပရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဇေလွမ်းက မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၀ ခုနှစ်က နောက်အဆုံး အကြိမ်ကျင်းပခဲ့ပြီး တစ်ကျော့ပြန် ကချင်စစ်ပွဲများကြောင့် သုံးနှစ်ကြာကျင်းပခြင်း မရှိခဲ့သော မနောပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်နေသော်လည်း မသေချာသေးခြင်း ဖြစ်သည်။

kachin-Manorr

“သံအမတ်တွေကိုပေးမယ့် ဖိတ်စာတွေကိုတောင် ရန်ကုန်ကိုပို့ပြီးပြီ။ ဖြစ်မြောက်အောင်တော့ လုပ်နေတယ်။ ပြည်သူကြားမှာ စိုးရိမ်တာတွေ ရှိနေတော့ ခုထိတော့ မသေချာသေးဘူး” ဟု ဦးဇေလွမ်းက ဆိုသည်။

မနောပွဲကို ဒီဇင်ဘာ ၈ ရက်က ၁၁ ရက်အထိ လေးရက်ကြာကျင်းပနိုင်အောင်စီစဉ်ထားပြီး မြစ်ကြီးနားမြို့ရှိ မနောကွင်းကို ပြန်လည်ပြုပြင် မွန်းမံခြင်းများ ပြုလုပ်လျက်ရှိသည်။

မနောပွဲကို ကချင်တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ လာရောက်ဆင်နွဲကြမည်ဖြစ်ရာ ဒေသတည်ငြိမ်ရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ထိုသို့ မတည်ငြိမ်မှုများကြောင့် ဒေသခံ တစ်သောင်းနီးပါး က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့ရန် စီစဉ်နေသည်ဟု ကချင်လူငယ် အဖွဲ့အစည်းများက ဆိုသည်။

“မနောပွဲဆိုတာ စည်စည်ကားကားလုပ်ရမှာ စိတ်တထင့်ထင့်နဲ့ လုပ်ရလို့မဖြစ်ဘူး။ မနောပွဲကာလမှာ တစ်ခုခုထပ်ဖြစ်ခဲ့ရင် သမိုင်းမှာဘယ်တော့မှာပြင်လို့ရမှာ မဟုတ်တော့ဘူး” ဟု ကချင်လူငယ်တစ်ဦးဖြစ်သူ မအယ်လီ ကပြောသည်။

မနောပွဲကျင်းပရေးကို ကချင်ပြည်နယ် အစိုးရအဖွဲ့ နှင့်ဒေသခံမြို့မိမြို့ဖများက အဓိက စီစဉ်ကြခြင်းဖြစ်သည်။ လက်ရှိတွင် ကျင်းပရေး ကော်မတီက မနောကွင်းတွင် ရုံးခန်းဖွင့်လှစ်ကာ ပြင်ဆင်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က “ထိတွေ့မှုတွေက မနောပွဲနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့ဒီပွဲကိုတော့ ဖြစ်အောင်လုပ်မှာပါ” ဟု မဇ္စျိမကိုပြောသည်။

ကချင်ပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သည့် မနောပွဲကို ကချင်တကျော့ပြန်စစ်ပွဲများကြောင့် ရပ်နားထားခဲ့ရာမှ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရက ဦးဆောင်စီစဉ်ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေများအရ မနောပွဲမကျင်းပရန် ကချင်ပြည်နယ်၊ရန်ကုန်မြို့၊ မန္တလေးမြို့ရှိ လူငယ်များက ကန့်ကွက်ရန်စီစဉ်နေကြသည်။

“ကချင်လူမျိုးတွေကို ဒုက္ခသည်စခန်းရောက်အောင် ဒုက္ခရောက်အောင်လုပ်ထားပြီးမှ ပြည်နယ်အစိုးရက ကချင်လူမျိုးပိုင်တဲ့ မနောကွင်းမှာ ကချင်လူမျိုးပိုင်တဲ့ အကကို ကနေတယ်ဆိုတာ စော်ကားရာရောက်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာကပြောသည်။

မနောပွဲကျင်းပရခြင်း အဓိပ္ပာယ်သည် ကောက်ပဲစိုက်ချိန် အထွက်နှုန်းကောင်းစေရန်၊ ပညာသင်ကြား ချိန် အောင်မြင်မှုရစေရန်၊ စီးပွားရေး ပြုလုပ်ချိန် အောင်မြင်မှုရစေရန် စသဖြင့် နမိတ်ကောင်းများကို ရည်ညွှန်း ကခုန်သော အောင်ပွဲအကြို ရိုးရာကပွဲဖြစ်၍ ကချင်လူမျိုးများ  စစ်ဘေး ကြံုနေရချိန်တွင်မပြုလုပ်သင့်ဟု ယူဆကြခြင်းဖြစ်သည်။

ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန် လည်ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့နောက် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးနေသည်အထိ တိုးတက်မှုတို့ရှိလာသော်လည်း တိုက်ပွဲအချို့မှာမူ တစ်ပါတည်း ဖြစ်ပေါ်နေသည့် အခြေအနေဖြစ်သည်။

အနီးဆုံးအနေဖြင့် နိုဝင်ဘာ ၁၉ ရက် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီးဖွင့်လှစ်ထားသော စစ်သင်တန်းကျောင်းအတွင်းသို့ အစိုးရတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးကျဆုံးမှုအပြီး ဒေသအတွင်း စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

Most read this week