အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် ခွဲထွက် ကသည်း လက်နက်ကိုင် အဖွဲ့နှင့် အိန္ဒိယ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မြန်မာနိုင်ငံသားများ ဘဲရမ်း(Beliang)ဂိတ်ပေါက်မှ တစ်ဆင့် ဝင်ရောက်ခွင့်ကို အိန္ဒိယက တင်းကျပ်စွာ တားမြစ် ပိတ်ပင်ထားသည်။
နိုဝင်ဘာလ ၁၁ရက်က ချင်းပြည်နယ် ကျီခါးမြို့နှင့် ရမိုင်ခန့်သာဝေးသည့် မဏိပူရ် ပြည်နယ် အိန္ဒိယနိုင်ငံ ဘဲရမ်းရွာအနီးတွင် အခြေစိုက်သည့် အိန္ဒိယ စစ်တပ် ရေခပ်ယူသည့် နေရာတွင် မြန်မာ့ပိုင်နက်အတွင်း အခြေစိုက်နေသည့် ကသည်းလက်နက်ကိုင်တို့က မိုင်းများ သွားထောင်ပြီးနောက် ယင်းသို့ ပိတ်ပင်ခြင်းဟု ဒေသခံများက ပြောသည်။
“လူတိုင်းကို ဝင်ထွက်ခွင့် ပိတ်လိုက်တာ။ မိန်းကလေးတွေကိုလဲ ပေးမဝင်ဘူး။ အိန္ဒိယစစ်သား ဒီကလူတွေ သွားရင် မသင်္ကာတဲ့လူဆို ရိုက်ပြီး စစ်တယ်။ ဖမ်းလည်း ဖမ်းနေတယ်။ တော်တော်လေး ဒုက္ခရောက်ရတယ် ”ကျီခါးမြို့ ဖိုင်ဆတ်ရွာမှ ဇိုမီးလူမျိုး ဟန်ဒိုးခင့်က ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်ပေါက်နှင့် ချင်းပြည်နယ် ကျီခါးမြို့တို့သည် ၆မိုင်ခန့် အကွာ အဝေး၌သာ ရှိနေခြင်းဖြစ် သည်။ ထို့ကြောင့် ယင်းနယ်စပ် တစ်လျှောက်ရှိ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံ လန်ကာမြို့(Churachandpur) နှင့် အင်ဖားမြို့တို့ကို သွားရောက်၍ ဆေးဝါး ကုသခြင်းနှင့် စျေးဝယ်ရောင်း လုပ်ကိုင်ခြင်းတို့ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတို့ကဆိုသည်။
ဒေသခံတို့သည် အိန္ဒိယဖက်မှ ပိတ်ပင်ခြင်း စစ်ဆေးခြင်းတို့ ကြံုတွေ့ရရုံသာမက ကသည်း လက်နက်ကိုင် တပ်ဖွဲ့ကလည်း အိန္ဒိယ စစ်သားများကို သတင်းပေးသည်ဟုဆိုကာ မကြာခဏ ရိုက်နှက်စစ်ဆေးမှုကိုလည်း ကြံုတွေ့နေရသည်ဟု ဆိုသည်။
ယခုလအတွင်းပင် ဆေးပစ္စည်းများ ရောင်းဝယ်သည့် လုပ်ငန်းလုပ်သူ ကျီခါးဒေသခံ လူငယ်တဦး မြို့နှင့် ၁၁မိုင်ဝေးသည့် ဗိုင်ဗက်ရွာအနီးတွင် အသတ်ခံခဲ့ရကြောင်း ကျီခါးမြို့ပေါ်မှ ဘာသာရေး ဆရာများ အသင်းအဖွဲ့ နှင့် Cikha Youth Fellowship တို့က ပြောကြသည်။
“မြန်မာဘက်ကနေ စားနပ်ရိက္ခာဝယ်မယ်ဆိုရင် လမ်းတွေက သိပ်ဆိုးတော့ ကားတန်ဆာ ခနဲ့တင် မကိုက်ဘူး။ ဆေးရုံကို သွားဖို့ဆိုတာလဲ အိန္ဒိယဘက်က ဆေးရုံတွေက စျေးလည်းသက်သာ ပြီးတော့ ဆေးကောင်းတော့ လူတွေက အဲဒီကိုပဲ သွားကြတာ။ ခု အပေါက်ပိတ်တော့ ဒီဘက်မှာ ကုန်စျေးနှူန်းတွေ မြင့်လာတယ် ” ဟု နှစ်ခြင်း အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ပေါင်လျန်းခုပ် က ပြောသည်။
ကသည်း လက်နက်ကိုင် အဖွဲ့သည် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်သားများ ဖြစ်ကြကာ စစ်ကိုင်းတိုင်း တမူးမြို့နှင့် ကလေးမြို့တို့တွင် ၁၉၃၀ ခုနှစ်မှ စတင်ဝင်ရောက် နေထိုင်ခြင်းဖြစ်ပြီး ချင်းပြည်နယ် အတွင်းကိုမူ ၂၀၀၄-၂၀၀၅ခုနှစ် ရောက်မှသာ ဝင်ရောက်လာကာ ယနေ့အထိ အိန္ဒိယ စစ်တပ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်နေသည် ဟု ဒေသခံများက ပြောသည်။