ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အင်အားနှစ်ဆတိုးဟုဆို

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အင်အားနှစ်ဆတိုးဟုဆို
by -
မဇ္စျိမ

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းပါတီဝင် အင်အား ၄နှစ်အတွင်း နှစ်ဆထိတိုး လာသည်ဟု အတွင်းရေးမှူး ဦးသာဝင်းက နိုဝင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ပြီး နောက်ပိုင်းတိုင်း ပါတီအင်အား သုံးသိန်းကျော်မှ ၂၀၁၄ခုနှစ် နိုဝင်ဘာတွင် ၆၆၀,၀၀၀ ထိ တိုးမြင့်လာကာ လူငယ်အင်အားက သုံးပုံတစ်ပုံခန့်ပါ၀င်သည်ဟု ၎င်းကပြောခြင်းဖြစ် သည်။

“ရပ်ကျေးတစ်ခုကို လူငယ် ၃၀ ရအောင် စည်းရုံးတယ်။ ရတာရှိသလို မရတာလည်းရှိတယ်။ အခုတော့ ပါတီအင်အားက ၂၀၁၀ခုနှစ် ပါတီအဖြစ်ပြောင်းတဲ့အချိန်ကထက် နှစ်ဆပိုများလာပါပြီ” ဟု ဦးသာဝင်းက ပြောသည်။

၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ၂၀၁၀ ကကဲ့သို့ပင် ရန်ကုန်တိုင်းရှိ ပြည်သူ့လွှတ်တော် ၃၇နေရာ၊ အမျိုးသားလွှတ်တော် ရှစ်နေရာတို့ကို ထပ်မံဝင်ပြိုင်မည်ဖြစ်ပြီး ယခင်က အနိုင်ရရှိထားသူ တို့ ပြန်လည်ရွေးချယ်ခံရန် ကနဦးစီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ၂၀၁၀ပြည့်နှစ်မဲဆွယ်စည်းရုံးရာတွင် ကတိပြုခဲ့သည့် လုပ်ငန်းများအပြီးသတ်နိုင်ရေး အရှိန်မြှင့် လုပ်ဆောင်နေသည်ဟုပြောသည်။

ပြည်ခိုင်ဖြိုးကို ၁၉၉၃ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူမှုရေးအသင်းအဖြစ် စတင်တည်ထောင် ခြင်းဖြစ်ပြီး ၂၀၁၀ခုနှစ် ဇွန်လ ၂ ရက်တွင် ပါတီအသွင်ကူးပြောင်း လိုက်ခြင်းဖြစ်သည်။

Most read this week