ခြောက်ပွင့်ဆိုင်ရန် သမ္မတငြင်းဆိုက စွပ်စွဲပြစ်တင်နိုင်ဟုပြော

ခြောက်ပွင့်ဆိုင်ရန် သမ္မတငြင်းဆိုက စွပ်စွဲပြစ်တင်နိုင်ဟုပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၈ (က) တွင် ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါ အားလျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်၊ မိမိ၏အရေးယူ ဆောင်ရွက် ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဟု ပြဋ္ဌာန်း ထားသည်။

ပုဒ်မ ရ၁ တွင်လည်း နိုင်ငံတော် သမ္မတကိုဖြစ်စေ၊ ဒုတိယ သမ္မတ တစ်ဦးဦးကို ဖြစ်စေ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ချက်များကိုဖောက်ဖျက်ခြင်း၊ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများရှိပါ က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံ တစ်ပုံက တင်ပြ၍ သုံးပုံနှစ်ပုံကထောက်ခံ မှသာ ပြည်ထောင်စု လွှတ်တော်က စွပ်စွဲပြစ်တင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

President-Thein-Sein

ဦးအောင်ကြည်ညွန့်က “စွပ်စွဲပြစ်တင်ခံရရင်တော့ သမ္မတက နုတ်ထွက်ပေးရမယ်၊ အခုလို ဒီမိုကရေစီ လမ်းကြောင်းသွားနေချိန်မှာ ပဋိပက္ခတွေ မဖြစ်စေချင်ဘူး၊ မျက်နှာချင်းဆိုင် ပြောကြတာပဲကောင်းပါတယ်” ဟုပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ကမူ ပြည်ထောင်စု လွှတ်တော်က အရေးကြီး အဆိုသာ တင်သွင်းခြင်းဖြစ်သဖြင့် အစိုးရက ငြင်းပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုသည်။

မလှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအေးမောက်က “အန်ကယ်တို့ကတော့ ဘာပဲဖြစ်ဖြစ် တွေ့လိုက်ဆုံလိုက် တယ်ဆို ဘာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲတာလေးတွေ ပြေပျောက်သွားမယ်ထင်တယ်၊ စားပွဲဝိုင်းမှာ တွေ့ဆုံခြင်းအားဖြင့် ပြဿနာ ကိုဖြေရှင်းနိုင်မှာပေါ့၊ အဲ့လို အန်ကယ်တို့က ယူဆတယ်” ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကျွမ်းကျင်သူ ရှေ့နေဦးကိုနီက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်များအနက် ယခုခြောက်ပွင့်ဆိုင် တွေ့ရေး ဆုံးဖြတ်ချက်ကို သမ္မတက အလေးအနက်ထား ဆောင်ရွက်ပေးရမည် ဖြစ်သော် လည်း မလုုပ်မနေရဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်မျိုး မဟုတ်ကြောင်းပြောသည်။

သို့သော် ပြည်သူလူထု ငါးသန်း၏ ၄၃၆ ပြင်ဆင်ရေး သဘောထားလက်မှတ်များကို အလေးမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျူရှုပါက နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

၎င်းက “အဲဒါလို ပြဿနာတွေ တက်လာပြီဆိုရင်တော့ (ပြည်ထောင်စု လွှတ်တော်)က စွပ်စွဲပြစ်တင်မှုတွေဆီ ဦးတည်သွားပါလိမ့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း လွှတ်တော်၏ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဟုတ်၊ မဟုတ် အငြင်းပွား ကာ ပြည်ထောင်စု လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကြံုတွေ့ရခြင်းကြောင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်ခဲ့ရ သည့် ဖြစ်စဉ်ရှိဖူးသည်။

Most read this week