ABSDF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူထားသည့် အချက်များ ပြန်သုံးသပ်ရန် ဒီဇင်ဘာ ဒုတိယပတ်တွေ့မည်

ABSDF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူထားသည့် အချက်များ ပြန်သုံးသပ်ရန် ဒီဇင်ဘာ ဒုတိယပတ်တွေ့မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ သဘောတူညီမှု ရရှိပြီးဖြစ်သည့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာအချက်များ ကို ပြန်လည်သုံးသပ်ရန် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဟု သဘောတူခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များ က ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel တွင် မြန်မာ့ငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ ကိုယ်စားလှယ်များနှင့် ABSDF ကိုယ်စားလှယ်များက အစိုးရနှင့် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ဆွေးနွေးခဲ့ပြီး သဘောတူညီ ခဲ့ခြင်း ဖြစ်သည်ဟု ABSDF ၏ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

“ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ အဲ့တစ်နှစ်ကျော်တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ကြားမှာရှိနေတဲ့ သဘောတူညီချက်တွေကို အကောင်အထည် ဆောင်ရွက်တဲ့ အခြေအနေတွေ ကို ပြန်လည်သုံးသပ်ဖို့ ဆောင်ရွက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေး မယ့်ကိစ္စကို လာညှိနှိုင်းတာဖြစ်ပါတယ်”ဟု ရဲဘော်ဆန်နီက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေး ထိုးပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်ရန် ဒီဇင်ဘာလတွင် တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၂၈ ရက် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် UPWC တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် အစိုးရတပ်က ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်းမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်၍ အစိုးရက အရေးယူမှုများ၊ တာဝန်ခံမှုများ ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်ဟု ရဲဘော်ဆန်နီ ကလည်း ပြောသည်။ ကျဆုံးခဲ့သည့် ၂၃ ဦးတွင် ABSDF မှ ၂ ဦးပါဝင်ခဲ့သည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ကိစ္စမှာ တစ်ဆို့မှာ စိုးရိမ်ခဲ့တယ်။ စိုးရိမ်ဆဲပါ။ ဒီလို ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် အဖက်ဖက်မှာ ဘက်နှစ်ဖက်က ဆက်လက် တာဝန်ယူရပါလိမ့်မယ်။ ဒီဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မှာ ဒီကိစ္စတာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ ကိစ္စရပ်ကိုလည်း တိတိကျကျ ဆောင်ရွက်နိုင် ရပါမယ်။ ဒါက ကျွန်တော်တို့ နည်းလမ်းအရ ဆက်သွယ်ဆောင်ရွက်နေတာပါတယ်” ဟု သူက ဆိုသည်။

ABSDF နှင့် ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် UPWC ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၏ သဘောကို MPC က လာရောက်ရှင်းပြခြင်းဖြစ် သည်ဟုလည်း MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။

“ဝန်ကြီး ဦးအောင်မင်းက ABSDFနဲ့ တွေ့ဖို့ မူအားဖြင့် သဘောတူထားပြီ။ ဒါပေမဲ့ တွေ့မယ့်ရက်ကို နှစ်ဖက် ညှိဖို့ပါပဲ။ အဓိကတော့ NCCT က အဓိက ဆွေးနွေးတာ ဖြစ်လို့ NCCT ဆွေးနွေးပွဲနဲ့ သိပ်မကွာခင် တွေ့နိုင်ဖို ့ပါပဲ။ ဖြစ်နိုင်တာက ၁၄၊ ၁၅ ရက်ဝန်းကျင်လောက်မှာ တစ်ကြိမ်တွေ့နိုင်ဖို့ ရှိတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။

ABSDF သည် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက မြန်မာပြည်တွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့်ရခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သည်။

Most read this week