ဦးသန့် ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အမှတ်တရပွဲ ကျင်းပ

ဦးသန့် ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အမှတ်တရပွဲ ကျင်းပ
by -
မဇ္စျိမ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အမှတ်တရပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီ တောင်ဘက်မုခ်အနီးရှိ ဦးသန့်ဂူဗိမာန်တွင် ကျန်ရစ်သူ ဆွေမျိုးများက ပြုလုပ်ခဲ့ကြသည်။

“ဘာသာရေး ရှုထောင့်ကကြည့်ရင် ဦးသန့်ဟာ အသက်ရှင်စဉ်ကာလတုန်းမှာ အနာပါန ဝင်သက်ထွက် သက်တရားကို မပြတ်မှတ်ခဲ့တယ်။ ဒီအတွက် သူ့ရဲ့ ရုပ်အဆင်းအင်္ဂါဟာ ကြည်လင်ပြီး သတိတရား မြဲခဲ့ တယ်။ အဲဒီအတွက် မှန်ကန်တဲ့ဆုံးဖြတ် ချက်တွေကိုလည်းချနိုင်ခဲ့တယ်”ဟု ဂူဗိမာန် သို့ လာရောက် ပရိတ် ရွတ်ဖတ်သည့် မင်္ဂလာမဏ္ဍိုင်ကျောင်းမှ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

40-Year-U-Thant

“ဘကြီးလိုချင်တဲ့ ငြိမ်းချမ်းရေး ကမ္ဘာမှာ အမြန်ဆုံးရနိုင်ပါစေ။ အမြဲတမ်း အမှတ်ရသွားမှာပါ” ဟု ဦးသန့်၏ တူမဖြစ်သူ အငြိမ်းစား ကျောင်း ဆရာမကြီး ဒေါ်ခင်မာမာက မဇ္ဈိမကိုပြောသည်။

ဦးသန့်ကို ၁၉၀၉ ဇန်နဝါရီ ၂၂ တွင် အဘ ဦးဘိုးနှစ်၊ အမိဒေါ်နန်းသောင်တို့က ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပြီး ၆၅ နှစ် အရွယ် ၁၉၇၄ နိုဝင်ဘာ ၂၅ တွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဦးသန့်သည် ကမ္ဘာ့ ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ အထွေထွေ အတွင်းရေးမှူးချုပ်တာဝန်ကို နှစ်ကြိမ်ဆက် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးသန့်သည် ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးပြီးနောက် ဒုတိယသက်တမ်းကို တာဝန်ဆက်ထမ်းဆောင် ရန် ၁၉၆၆ ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြံုရေးကောင်စီ ညီလာခံတို့၏ တညီတညွတ် ထောက်ခံမှုကို ရရှိခဲ့သူ ဖြစ်သည်။

ကျူးဘား ဒုံးကျည်အရေးအခင်း ပြဿနာ၊ ဗီယက်နမ် စစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲကဲ့သို့သော ပြဿနာများ ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေးကို အထူးအလေးထားသူအဖြစ် ကမ္ဘာက အသိအမှတ်ပြု ခြင်းကိုခံခဲ့ရ သူဖြစ်သည်။

ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့် မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦး တို့မှာ ထိုင်းနိုင်ငံသို့ ရောက် ရှိ နေသောကြောင့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ဦးသန့်ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့်အဖြစ် သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ပရိတ်ရွတ်ခြင်းနှင့် ဆုတောင်း ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

၂၀၁၅ ဇန်နဝါရီ ၂၂ တွင်ကျရောက်မည့် ဦးသန့် ၁၀၆ နှစ်ပြည့် မွေးနေ့ကိုမူ ယခင်နှစ်များအတိုင်း ဆက်လက်ကျင်းပ သွားဖြစ်ကြောင်း သိရသည်။

Most read this week