မန္တလေးမြို့၌ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့် ပတ်သက်ပြီး အသစ်ပြန်လည်ရေး ဆွဲပေးရန် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် MTUF က ဦးဆောင်၍ နိုဝင်ဘာ၂၃ ရက်တွင် စက်ရုံ ရှိအလုပ်သမား ၅၀၀ ကျော်တို့ ဖြင့် ဆန္ဒဖော်ထုတ်သည်။
“ကျွန်မတို့ မန္တလေးမြို့မှာ လုပ်တာဖြစ်ပေမယ့် အထက်မြန်မာပြည်ကိုယ်စားပြု ပြီးလုပ်တာပါ။ အလုပ် သမားဘက်မှာမပါတဲ့ ဥပဒေအသစ် ပြန်ရေးဆွဲပေးဖို့ အခုလို ဆန္ဒပြတောင်းဆိုတာပါ။ ကျွန်မတို့အနေနဲ့ မူကြမ်းထွက်လာကတည်းက ပြုပြင်ပေးဖို့ အဆင့်ဆင့်တင်ပြပြီး တောင်းဆိုပါတယ်။ မရခဲ့ပါဘူး။ အလုပ် သမားတွေကို တကယ်ကာကွယ်ရပ်တည်ပေးတဲ့ဥပဒေတွေ ညီမျှတဲ့ ဥပဒေတွေ မပါဘူး။ ကျွန်မတို့အနေနဲ့ အတိုင်းအတာ တစ်ခုထိရအောင် လုပ်သွားမှာပါ”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MTUF မှ ဒေါ်မျိုးမျိုးအေးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ပြဋ္ဌာန်းထားသည့် ဥပဒေသည် အလုပ်သမားများကို ဖိနှိပ်သည့်ဥပဒေ ဖြစ်ပြီး အလုပ်ရှင်များအတွက် ဘက်လိုက်ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း ဦးဆောင်သူ ကိုနှင်းအောင်က ဆိုသည်။
ထို့ကြောင့် အဆိုပါ ဥပဒေများ ပြန်လည်ပြင်ဆင်ပေးရန်နှင့် စက်ရုံ၊ အလုပ်ရုံများတွင် လွတ်လပ်စွာ သမဂ္ဂဖွဲ့ခွင့်ရရှိရန် ဆန္ဒပြတောင်းဆို ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်
အဆိုပါ ဆန္ဒပြအလုပ်သမားများသည် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်း သတ်မှတ်ရေး၊ အလုပ်သမား ဥပဒေရေးဆွဲရာတွင် အလုပ်သမားကိုယ်စားလှယ် ပါဝင်ရေး၊ လွတ်လပ်စွာ တရားစွဲဆိုခွင့် ရရှိရေးတို့ကို ကြွေးကြော်တောင်းဆို ကြသည်။
“လက်ရှိ ပြဋ္ဌာန်းဥပဒေနဲ့ ဆက်သွားမယ်ဆိုရင်တော့ အလုပ်ရှင်အလုပ်သမား ပြဿနာက ဆက်ဖြစ်နေဦးမှာပဲ။ လွှတ်တော်ထဲမှာလည်း အလုပ်သမားအရေး ရပ်တည်ပေးတဲ့ ကိုယ်စားလှယ်တွေက နည်းနေတယ်။ မရပ် တည်ပေးတဲ့ ကိုယ်စားလှယ်တွေ ကျွန်တော်တို့ အလုပ်သမားတွေ အနေနဲ့ အလိုမရှိပါဘူး။
နောက်တစ်ချက်က သမဂ္ဂအဖွဲ့ဝင် အလုပ်သမားခေါင်းဆောင်တွေကို လျော်ကြေးပေး အလုပ်ထုတ်တွေပဲ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ ကန့်ကွက်တယ်။ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်လုပ်သွားမယ်” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် MTUF ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ပြန်ကြားရေး တာဝန်ခံ ကိုသက်နှင်းအောင်က မဇ္ဈိမကို ပြောသည်။