အများပြည်သူနှင့် ဆိုင်သောနေရာတွင် အမျိုးသမီးများအား မဖွယ်မရာ ထိတွေ့ ကိုင်တွယ်ခံရခြင်း အများဆုံး တွေ့ကြံုရ သည်ဟု အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း သုတေသန တွေ့ရှိချက် စစ်တမ်းအရ သိရသည်။
ယင်းစစ်တမ်းကို လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွန်မှုဖြင့် ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၄ ရက်က မြန်မာမီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် ယင်းစစ်တမ်း အကျဉ်းချုပ်ကို သတင်းမီဒီယာများအား ထုတ်ပြန်အသိပေးခဲ့သည်။
စစ်တမ်းကောက်ယူရာတွင်ပါဝင်သည့် အလွတ်တန်းသုတေသီ ဒေါက်တာစန်းရွှေက “အများနှင့်ဆိုင်တဲ့ နေရာတွေမှာလည်း ဖြစ်ပေါ်နေတာ ကို တွေ့ရှိရပါတယ်။ အကြမ်းဖက်မှုတွေကိုလည်း တစ်ကြိမ်ထက်မကခံကြရပါတယ်။ အများနဲ့ ဆိုင်တဲ့နေရာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေ ကိုလည်း သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ လက်ခံနေနေကြတယ်။ ရှက်ဖွယ်ကောင်းတယ်။ အရှက်ရစေတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် ကျူးလွန်ခံရသူကိုပြန်ပြီးတော့ အပြစ်တင်တာကို တွေ့မြင်နေရတယ်” ဟုပြောသည်။
ယင်းကဲ့သို့ အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် မဖွယ်မရာ ထိတွေ့ကိုင်တွယ်ခံရခြင်းသည် ရန်ကုန်မြို့ လူကျပ်သော ဘတ်စ်ကားပေါ် များတွင် ဖြစ်ပွားလေ့ရှိသည်ဟု စစ်တမ်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။
စစ်တမ်းကို တိတ်ဆိတ်ခြင်း၏ နောက်ကွယ် ဟု အမည်ပေးထားပြီး ရင်းနှီးသူအတူနေ အမျိုးသားအဖော် (သို့မဟုတ်) အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုပုံစံ တစ်မျိုးမျိုးကို တွေ့ကြံုခံစားဖူးသည့် ရန်ကုန်နှင့် မော်လမြိုင်ရှိ အသက် ၁၈ နှစ်နှင့်အထက်ရှိသည့် အမျိုးသမီး ၃၈ ဦးကို တွေ့ဆုံမေးမြန်းထားရာမှ ရရှိသည့် အချက်များနှင့် မကွေး၊ လားရှိုး၊ လွိုင်ကော်၊ လပ္ဂတ္တာ၊ ကလေးမြို့တို့ အမျိုးသမီးများနှင့် ပြုလုပ်ထား သည့် အုပ်စုလိုက် ဆွေးနွေးပွဲ ၁၄ ခုကိုအခြေခံထားခြင်း ဖြစ်သည်။
ကျားမတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက “အမျိုးသမီးတွေက အကြမ်းဖက်မှုမျိုးစုံကို နေ့စဉ်နှင့်အမျှ ခံနေရပါတယ်။ တချို့လည်း တစ်ခုထက်ပိုပြီးခံစားနေရတယ်။ သူတို့ကြံုတွေ့ရတဲ့ အတွေ့အကြံု တွေက အခြားကျယ်ပြန့်တဲ့ လူမှုပတ်ဝန်းကျင်ထဲမှာလည်း ဘယ်လောက်ထိမှန်ကန်မှုရှိတယ်၊ သက်ရောက်မှု ရှိတယ်ဆိုတာ သိရမှာပါ" ဟုပြောသည်။
စစ်တမ်းသည် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုများအပေါ် ကိုယ်စားမပြုသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ကောက်ယူမည့် စစ်တမ်း၏ ရှေ့ပြေးစစ်တမ်းဖြစ်သည်ဟု ၎င်းကပြောသည်။
စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်မှာ မတူညီသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးအစားများနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များ ကောက်ယူရန်၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရရန် အန္တရာယ်ဖြစ်လွယ်မှုကို ပိုမိုဖြစ်ပေါ်စေသည့် အခြေခံ အကြောင်းရင်းများကို လေ့လာဖော်ထုတ်ရန်တို့ဖြစ်သည်။
စစ်တမ်းကောက်ယူရာတွင် ပါ၀င်သူ ဒေါ်အေးသီရိကျော် (Researcher Violence Against Women Research) က ယခုစစ်တမ်းသည် သုတေတနကျင့်ဝတ်ကော်မတီ (ဆေးသုတေသနဦးစီးဌာန၊ အောက်မြန်မာပြည်) ၏ ခွင်ြ့ပုချက်နှင့်အညီ ဆောင်ရွက်ခဲ့သည်ဟုပြောသည်။
တိတ်ဆိတ်ခြင်း၏နောက်ကွယ် သုတေသနကို ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလမှ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိ လေ့လာဆန်းစစ်ခဲ့ပြီး သုတေသန အစီရင်ခံစာ အစအဆုံးကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။