ရှမ်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဟု ဒု-သမ္မတ ပြော

ရှမ်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဟု ဒု-သမ္မတ ပြော
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ရှမ်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဟု ရှမ်းတိုင်းရင်းသားဖြစ်သည့် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုလိုက်သည်။

“ဒီနှစ်ပိုင်းမှာတော့ ရှမ်းပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုကို ၂၃ရာခိုင်နှုန်းကျော်အထိ ထက်ဝက်လျော့ကျအောင်လို့ ကြိုးစားဆောင်ရွက်နေပြီ ဖြစ်တယ်” ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောသည်။

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရှမ်းနှစ် ၂၁၀၉ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်တွင် ဒု-သမ္မတ ဒေါက်တာဘစိုင်းမောက်ခမ်းကို တွေ့ရစဉ်၊ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ၂၀၀၅ခုနှစ် လူမှုစီးပွားစစ်တမ်းများအရ  ဆင်းရဲ နွမ်းပါးမှု ၄၆  ရာခိုင်နှုန်း အထိရှိသည်ဟု တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရှမ်းနှစ် ၂၁၀၉ ခုနှစ် အကြို နှုတ်ဆက်မိန့်ခွန်းတွင် ဒု-သမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပနိုင်သည်မှာလည်း ပြောင်းလဲလာသည့် ခေတ်စနစ် အနေအထားအရဖြစ်ပြီး ယခင် ခေတ်ကာလများက  ကျင်းပနိုင်ရန် ခက်ခဲခဲ့သည်ဟု ၎င်းက ဆိုသည်။

ရှမ်းနှစ် ၂၁၀၉ ခုနှစ် နှစ်သစ်ကူးပွဲတော်သို့ ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ၁၈ ရက်မှ စတင်ကျင်းပလျက်ရှိပြီး ၂၅ ရက်ထိ ရှစ်ရက်တိုင်ကျင်းပသွားမည် ဖြစ်သည်။

နိုင်ငံတကာအဆင့် ရှမ်းနှစ်သစ်ကူးပွဲတော်အား ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ တွင် ၂၀၁၂ ခုနှစ်က ကျင်းပခဲ့ပြီး  တောင်ကြီးတွင် ဒုတိယ အကြိမ်အဖြစ် ကျင်းပနေခြင်းဖြစ်သည်ဟု ပွဲဖြစ် မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Most read this week