သတိပေးလို၍ လက်နက်ကြီးဖြင့် ပစ်သည်ဆိုသော တပ်မတော်ထုတ်ပြန်ချက် KIA လက်မခံ

သတိပေးလို၍ လက်နက်ကြီးဖြင့် ပစ်သည်ဆိုသော တပ်မတော်ထုတ်ပြန်ချက် KIA လက်မခံ
by -
မဇ္စျိမ

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးကျရောက်မှုမှာ သတိပေးပစ်ခတ်ခြင်းဖြစ်သည်ဟု အစိုးရတပ်၏ ထုတ်ပြန်ချက်မှာ မဟုတ်မှန်ဘဲ  ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည် ဟု ကေအိုင်အေဘက်က တုံ့ပြန်ပြောဆိုလိုက်သည်။

ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်မှုသည် “တန်ပြန်သတိပေးပစ်ခတ်မှု” ဟု အစိုးရတပ်မတော်၏ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်ကို ကေအိုင်အေဘက်က လက်မခံခြင်းဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) စစ်သားများကို ၂၀၁၄ ခုနှစ်  သြဂုတ် ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

“ဒါက သတိပေးပစ်ခတ်တာ မဟုတ်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ကိုသေသေချာချာချိန်ပြီး ပစ်ခတ်တဲ့ ဖြစ်စဉ်ပါ။ ကျည်တစ်လုံးတည်း ကျတယ်။ အဲ့ဒီကျည်တစ်လုံးတည်းကလည်း ပစ်မှတ်ကို လုံးဝ ထိမှန်သွားတယ်။ ဒါဟာ နဂိုကတည်းက ပစ်မှတ်ကို သူတို့ရှာထားပြီးမှ ပစ်ခတ်တဲ့ ပစ်ခတ်မှုပါ” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ၏ ပြောခွင့်ရသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဗိုလ်လောင်းသင်တန်းရှိ စစ်သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျရောက်ခဲ့သည့် ဗိုလ်သင်တန်းကျောင်းသည် တရုတ်နယ်စပ်နှင့် ကိုက်သုံးရာသာ ကွာဝေးသည့်အတွက် အစိုးရတပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဦးလနန်က ဆိုသည်။

“ဒီအတိုင်းပစ်ခတ် လိုက်တယ်ဆိုရင် အဲ့ဒီကျည်ဟာ တရုတ်ထဲ ဝင်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ရခြင်းမှာ ကေအိုင်အေက လက်အောက်ခံတပ်များအား ထိန်းသိမ်းကြပ်မတ်မှု မရှိဘဲ ဒေသအတွင်း စစ်ရှိန်မြင့်မားစေသော လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ဖြစ်သည်ဟု အစိုးရတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ကေအိုင်အေအနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဖွဲ့စည်းပြီးနောက်ပိုင်း အစိုးရတပ်၏ တပ်စခန်းများ၊ စစ်ကြောင်းများကို ချုံခိုပစ်ခတ်မှုများနှင့် ဝင်ရောက် ပစ်ခတ်မှုများကို လုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

“၂၀၁၃ရဲ့ဒီဘက်ဖြစ်စဉ်အားလုံးဟာ အစိုးရတပ်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ အင်အားနည်းတဲ့ တပ်စခန်းတွေကို ဝင်စီးတာမျိုး၊ ဝင်သိမ်းတာမျိုး လုပ်နေကျပါ” ဟု ဦးလနန်က ပြောသည်။

အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် သင်တန်းသား ၂၃ဦးတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး ၊ ရက္ခိုင့် တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ပါဝင်သည်။

ဒဏ်ရာရရှိခဲ့သည့် သင်တန်းသား ၂၀ဦးမှာမူ ချင်းအမျိုးသား တပ်ဦး(CNF)မှ ၃ ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ၈ ဦး၊ ရက္ခိုင့် တပ်မတော် (AA) မှ ၅ ဦးနှင့် ကေအိုင်အေမှ သင်တန်းနည်းပြ ၄ ဦး တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ လက်ရှိအနေအထားအရ အသက်အန္တရာယ် စိုးရိမ်စရာမရှိသေးသော်လည်း ဒဏ်ရာပြင်းထန်သည့် သင်တန်းသား အနည်းဆုံး ငါးဦးထိရှိသည်ဟု ကေအိုင်အေဘက်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် အတည်ပြုသည်။

“တစ်ချို့ကတော့ ခြေထောက်တွေ ပြတ်သွားတာတွေပါတယ်။ တစ်ချို့ကတော့ မိုင်းအပိုင်းအစတွေ ကိုယ်ခန္ဓာထဲဝင်နေလို့ ခွဲထုတ်ထားရတာရှိတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်ဘက်မှ ယခုကဲ့သို့ ပစ်ခတ်လိုက်ခြင်းသည် လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုများရှိနိုင်သည် ဟုလည်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များ က ဝေဖန်နေကြသည်။

“အယုံအကြည်တော်တော် လျော့နည်းသွားတယ်ဗျ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာဆို ဘာလုပ်ကြမလဲဆိုတာ တွေးကို မတွေးတတ်တော့ ဘူးဖြစ်နေတယ်” ဟု မွန်အမျိုးသားပါတီ၏ ဥက္ကဌအဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငွေသိန်းက ပြောသည်။

အစိုးရ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော်၏ ဗိုလ်သင်တန်းကျောင်းအား ပစ်ခတ်မှုနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလာမည့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ ပြင်ဆင်မည်ဟု ပြောဆိုမှု  တိုက်ဆိုင်နေသဖြင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းကြံစည်မှုဟု ယူဆကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။