နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် နည်းပညာ တက္ကသိုလ် အောင်စာရင်းများနှင့် ပတ်သက်ပြီး စနစ်ဟောင်း ကျောင်းသားများကို ယခင်ကျင့်သုံးခဲ့သည့် အောင်စာရင်း မူဝါဒများကိုသာ ကျင့်သုံးပြီး စိစစ်ရန်နှင့် နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ပေးရန် နည်းပညာ တက္ကသိုလ် ကျောင်းသား အချို့က တောင်းဆိုလိုက်သည်။
နိုဝင်ဘာ ၂၀ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် ရန်ကုန်၊ တောင်ငူ၊ ပုသိမ် နည်းပညာ တက္ကသိုလ်ကျောင်းသား များ၏ စာနယ်ဇင်းရှင်းလင်းပွဲတွင် တောင်းဆို ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တောင်းဆိုရာတွင် ရန်ကုန်အပါအဝင် နယ်မြို့များရှိ နည်းပညာကျောင်း ၁၂ ကျောင်းမှ ကျောင်း သားများ၏ လက်မှတ်ပေါင်း ၁,၇၀၀ ကျော်ကို စုစည်းထားပြီး ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဟု သံ လျင် နည်းပညာတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ စတုတ္ထနှစ်ကျောင်းသား ကိုအံ့ကြည်မောင်က ဆိုသည်။
စနစ်ဟောင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသည် စတုတ္ထနှစ်အောင်မြင်ပြီးမှ B.E ဘွဲ့အတွက် ဝင်ခွင့်ရမည် ဖြစ််သည််။
ယခုနှစ် ထုတ်ပြန်ခဲ့သည့် အောင်စာရင်းတွင် B.E တန်း ၀င်ခွင့်အတွက် ကျောင်းသား ၃၀ ရာခိုင်နှုန်းသာ ဝင်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၉၀ ရာခိုင် နှုန်းခန့်အထိ ဝင်ခွင့်အောင်မြင်ခဲ့သည်ဟုလည်း သံလျင် နည်းပညာ တက္ကသိုလ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ စတုတ္ထနှစ်မှ ကိုအောင်ခမ်းပိုင်ကဆိုပြီး ယင်းအချက်ကို နည်းပညာတက္ကသိုလ်များ သက်ဆိုင်ရာ စာစစ်ဇုန်အလိုက်ကြီးကြပ် ရေးမှူးဆောင်ရွက်ခဲ့သည့် နည်းပညာ တက္ကသိုလ်ဌာနမှူး တစ်ဦးကလည်း မဇ္ဈိမကို အတည်ပြုသည်။
၎င်းက “ဝန်ကြီးဌာနအနေနဲ့လည်း ပေါ်လစီ(မူဝါဒ)ကို ရုတ်တရက် အပြောင်းအလဲလုပ်တဲ့နေရာမှာ အား နည်းချက်ရှိတယ်။ ကျောင်းသားတွေ အနေနဲ့လည်း အဖြေလွှာပေါ်ကအတိုင်း ပြန်စိစစ်မယ်ဆိုရင် ဒီထက် ပိုပြီး ကျသွားနိုင်တယ်။ B.E အတွက် ဝင်ခွင့် ထပ်ဖြေခိုင်းမယ် ဆိုရင် နှစ်ဘက်စလုံး အဆင် ပြေသွားနိုင်တယ်” ဟု ဆိုသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် စာမေးပွဲကို ဝင်ရောက်စွက်ဖက်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်အမှတ်ကို မြှင့် တင်ခြင်းများ မရှိဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက နိုဝင်ဘာလ ၁၉ ရက်တွင် သတင်းမီဒီယာများကို ပြောသည်။