တက္ကသိုလ်များ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်ရှိတွင် လျှော့ချပေးနေပြီး လုံးဝလွှတ်ပေးရန် မဖြစ်နိုင်သေးသည့် အခြေအနေတွင် ရှိသည်ဟု သမ္မတ၏ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ် က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဒေါက်တာရင်ရင်နွယ်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေအပေါ် အကြံပေးပညာရှင်များ၏ အဖွဲ့၏ သဘောထားထုတ်ပြန်ချက်ကို ရှင်းလင်းသည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြသည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ က အဆိုပါ ဥပဒေတွင် ဗဟိုချုပ်ကိုင်မှု များနေသည်ဟု ဆိုထားပြီး အကြံပေးပညာရှင်များအဖွဲ့ကမူ ဥပဒေ တွင်ပါ၀င်သော အမျိုးသားပညာရေး ကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားခြင်းသည် ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေ ရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်သာ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဒေါက်တာရင်ရင်နွယ်က “စီမံခန့်ခွဲမှု အပိုင်းက လွှတ်ပေးမယ်။ ပညာရေးမူအရ သတ်မှတ်ထားတာရှိရမယ်။ ဘတ်ဂျက်သုံးတာ နိုင်ငံတော် ဘတ်ဂျက် ဖြစ်တဲ့အတွက် နိုင်ငံတော်စည်းမျဉ်းတွေ လိုက်နာရမယ်။
ဘတ်ဂျက်တွေ ချဖို့အတွက် ကော်မတီ၊ ကော်မရှင်တွေ လိုအပ်တဲ့အတွက် ဘာလိုပြောပြော အလယ်ဗဟို မှာတော့ အဖွဲ့အစည်း တစ်ခုက ညှိနှိုင်းတာ ဖြစ်ရတာပဲ” ဟု ဆိုသည်။
“သူတို့ကို ၀င်ပြီးစွက်ဖက်တာ မဟုတ်ဘူး၊ နားလည်စေချင်တယ်။ တစ်ခုတော့ရှိတယ်။ နိုင်ငံခြား တက္ကသိုလ်တွေလို လုံးဝလွှတ်ပေးဖို့ အမေရိကန်လို အဆင့်တွေမရှိသေးဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
အကြံပေးပညာရှင်များ အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် အမျိုးသား ပညာရေးဥပဒေကို အခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ နှင့် အသက်မွေးဝမ်းကျောင်းပညာ၊ ဆရာ အတတ်ပညာစသော ကဏ္ဍအလိုက် သီးခြားဥပဒေများကို ဆက်လက်ပြုစု ပြဋ္ဌာန်း ရန်နှင့် တက္ကသိုလ်အလိုက် တက္က သိုလ် ပဋိညာဉ် စာတမ်းများကို ရေးဆွဲနေခြင်းများဆောင်ရွက်နေပြီး ဖြစ်သည်ဟုလည်း ပါဝင်သည်။
အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် တက္ကသိုလ်ကျောင်း သားများ၏ သပိတ်မှောက် ဆန္ဒပြပွဲကို နိုဝင်ဘာ ၁၄ ရက်က စတင်လိုက်ပြီး လေးရက်မြောက်သည့် နို၀င် ဘာ ၁၇ ရက် ရပ်ဆိုင်းလိုက်ကာ အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ အပါအဝင် လေးပွင့်ဆိုင် တွေ့ဆုံရန် နိုဝင်ဘာ ၁၈ ရက်က တောင်းဆို ထားသည်။
လေးပွင့်ဆိုင်တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းဦးက “သူတို့ အဆိုပြု ချက်ကို မကန့်ကွက်ဘူး။ မထောက်ခံဘူး။ ဆိုလိုတာက ပညာရှင်အနေနဲ့ မသိတာရှိရင်၊ မရှင်းတာ ရှိရင် လုပ်ဖော်ကိုင်ဖက်မျိုး အကြံပြုလို့ရတယ်” ဟု ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။