ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမော်၌ တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် ကုတ်မိကာ ခန္ဒာကိုယ် လေး ပိုင်းပြတ် သေဆုံးခဲ့သည့် ကချင်ရွာသားကိစ္စ မကျေနပ်သဖြင့် ဒေသခံ လူထု ၃၀၀၀ ခန့်က နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက ဖားကန့်တွင် သုံးနာရီခန့် လမ်းလျှောက်ဆန္ဒပြခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ကိုစာဂျီက မဇ္စျိမကို ပြောသည်။
“ပြည်သူတွေရဲ့ အသက်လုံခြံုမှု မရှိတော့ဘူးဆိုတဲ့အတွက် သူတို့ရဲ့ဆန္ဒအတိုင်း ဖော်ထုတ်ကြတာ ဖြစ်တယ်။ ဖားကန့်ဒေသမှာ တောင်ယာ ခုတ်၊ လယ်ထွန်စားလို့ လို့မရတော့ဘူး။ သာမန်လက်လုပ်လက်စားက အစ ကျောက်စိမ်းပေါ်မှာပဲ မူတည်နေကြတယ်။ ရေမဆေးမရှာရင် ဘာမှ လုပ်လို့ မရဘူး။ အခုလို ကုမ္ပဏီတွေ ဝင်လာတော့ လူထုအတွက်တော့ အသက်မွေးဝမ်းကြောင်းက တော်တော်စိုးရိမ်ဖွယ် အနေအထားဖြစ်လာပြီ။ ဖားကန့်က မတွေးဝံ့စရာပဲ။ ဒေသခံ လက်လုပ်လက်စားတွေအတွက်က အကျိုးအမြတ်မရှိတဲ့အပြင် လူမှုကျိုးဆိုး ပြဿနာပေါင်းစုံ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ် ဖားကန့်မြို့“ဝဂျေမော်” ကျောက်စိမ်းမော်၌ တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် ကုတ်မိ၍ မောင်ဖုတ်လောင် ကွမ်ဂျာအောင် (ခေါ်) ဇယ်လွမ်း သေဆုံးသွားမှုနှင့် ပတ်သက်၍ ဖားကန့် မရှီကထောင်၊ ငှက်ပျော်တော၊ ဘူသဲကုန်၊ ဆေးရုံ၊ ရဲစခန်း၊ ကလပ်ကုန်း၊ မဏိဇေရုံ ဘုန်းကြီးကျောင်းနှင့် ဥရုချောင်းတံတားထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့သူ ကိုစာဂျီက ပြောသည်။
ဗီနိုင်းပိုစတာပေါင်း ၃၀ခန့် ကိုင်ဆောင်ခဲ့ပြီး အောက်တိုဘာ ၃၁ရက်က ကရိန်းဖြင့် ကုတ်မိ၍ ခန္တာကိုယ်လေးပိုင်းပြတ် သေဆုံးသူ ဦးကွမ်ဂျာအောင်၏ သေဆုံးသည့် ဓာတ်ပုံအချို့ ကပ်၍ တောက်ပကြယ် ကုမ္ပဏီ အမြန်ဆုံးဖျက်သိမ်းပေးရန် စာတမ်းပါသည့် ပိုစတာကို ဖားကန့်မြို့နယ် ယာယီရဲမှူးက ရုပ်သိမ်းခိုင်းခဲ့သဖြင့် ဆန္ဒပြခေါင်းဆောင် ဦးလမောင် လတောင်နှင့် အငြင်းအခုံ ဖြစ်ပွားခဲ့ပြီး ရုပ်သိမ်းပေးခဲ့ရသည်ဟု သူက ပြောသည်။
ထို့ပြင် ဖားကန့်မြို့သည် သဘာဝ ပတ်ဝန်းကျင် ဆိုးဝါးနေပြီး ကုမ္ပဏီများ ဆက်လက် ဝင်ရောက်လာပါက ပဋိပက္ခနှင့် ဆိုးကျိုးများ ဆက်လက် ဖြစ်လာဖွယ်ရှိပြီး ငြိမ်းချမ်းရေးရရန် ခက်ခဲနိုင်သည်ဟု ကိုစာဂျီး က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က ဝဂျေမှော်တွင် တောက်ပကြယ် ကုမ္ပဏီမှ မြေစာလာချစဉ် ကရိန်းကားဖြင့် မြေကြီးများနှင့်အတူ ကုတ်မိ၍ ဘယ်ဖက်လက်တဖက်တစ်ပိုင်း၊ ခန္ဒကိုယ်နှင့် ညလက်တစ်ပိုင်း၊ ခေါင်းနှင့် ခြေထောက်အပိုင်း လေးပိုင်းပြတ်နေသော အသက် ၂၀ နှစ်အရွယ် မောင် ဖုတ်လောင် ကွမ်ဂျာအောင် (ခေါ်) ဇယ်လွမ်းအလောင်းကို ကရိန်းကားမောင်းသူက မီးသင်္ဂြိုလ်ကာ အလောင်းဖျောက်ခဲ့သည်။
တောက်ပကြယ် ကုမ္ပဏီက မောင်ဖုတ်လောင် ကွမ်ဂျာအောင် သေဆုံးမှု နစ်နာကြေးအဖြစ် ကျပ်သိန်း ၄၀၀ ပေးမည်ဟု ပြောဆိုထားသည်ဟု သိရသည်။