ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း လွှတ်တော် ဆွေးနွေးမည်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း လွှတ်တော် ဆွေးနွေးမည်
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲတင်သွင်းလာသည့် “၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း” ကို ပြည်သူ ့လွှတ်တော်က လက်ခံဆွေးနွေးသွားရန် နိုဝင်ဘာ ၂၀ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

“နိုင်ငံတော်အတွက် လိုအပ်လာရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်၍လည်း ဥပဒေနဲ ့အညီဆောင်ရွက် ရမှာဖြစ်ပါတယ်၊ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးမှုများပြုလုပ်နေပြီး ပေါ်ထွက်လာမည့် ဥပဒေကြမ်းများကို ပြည်လုံးကျွတ်ဆန္ဒခံယူ ဆောင်ရွက်နိုင်ရန် ဥပဒေတစ်ရပ် ပြဌာန်းဖို့ လိုအပ်လာပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက ပြည်သူ့ လွှတ်တော်၌ ပြောကြားသည်။

ထို့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနဲ ့စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များသည် ပြင်ဆင်ချက် အပိုဒ် အပိုဒ်ခွဲများကို တိတိကျကျဖော်ပြ၍ နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားကာ အမည်စာရင်းပေးကြရန်လည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်း ၁၂ ခန်း၊ ပုဒ်မပေါင်း ၃၀ ပါရှိပြီး ထိုဥပဒေကြမ်းအတည်ပြုပြီးပါ က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ရလာဒ်များကို ဥပဒေနှင့်အညီ ကျင့်သုံးသွားနိုင်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ချောင်းဦးမြို့နယ်အမတ် ဦးစောလှထွန်းက ပြောသည်။

“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရဲ့ ရလာဒ်တွေကို လာမယ့်ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားရမှာဖြစ်ပါတယ်၊ အဲဒီလိုဆောင်ရွက်ရာမှာ တချို ့ရလာဒ်များဟာ ရွေးကောက်ပွဲ မတိုင်မီ အသက်ဝင်နိုင်ပြီး တစ်ချို့ကိစ္စရပ်များဟာ လွှတ်တော်ဖွဲ ့စည်းပြီးမှသာ အသက်ဝင်နိုင်မှာ ဖြစ်ပါတယ်၊ ဆိုလိုတာက အတည်ပြုခြင်းနဲ ့အသက်ဝင်ခြင်းဟာ သီးခြားစီဖြစ်ပါတယ်” ဟုလည်း လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ပြည်သူ ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ အဆိုပါ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ရေးဆွဲရာတွင် ပြည်သူ ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့် ညှိနှိုင်းတိုင်ပင်ကာ ထိုကော်မရှင်၏ အကူအညီများရယူခဲ့ရသည်ဟုလည်း ဦးစောလှထွန်းက ဖြည့်စွက်ပြောခဲ့သည်။

Most read this week