ပညာရေးဥပဒေကို ဆန္ဒပြသူများ အဆင့်ကျော်နေဟု ဝန်ကြီးပြော

ပညာရေးဥပဒေကို ဆန္ဒပြသူများ အဆင့်ကျော်နေဟု ဝန်ကြီးပြော
by -
မဇ္စျိမ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားများအား အဆင့်ကျော်နေသည်ဟု ပညာရေးဝန်ကြီး ဒေါက်တာ ခင်စန်းရီက နိုဝင်ဘာ ၁၈ရက်က ရန်ကုန် အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

"ဥပဒေကို မကျင့်သုံးရသေးဘဲနဲ့ ပြင်ဖို့ပြောတာက အဆင့်ကျော်နေပါတယ်။ ဒီကိစ္စကလည်း ဥပဒေပြုရေးနဲ့ပဲ ဆိုင်တယ်။ သူတို့ပြင်ပေးဖို့ ပြောနေတဲ့ အချက်တွေကို လုပ်ပေးနိုင်မယ်။ မပေးနိုင်ဘူးဆိုတာတော့ ဆုံးဖြတ်လို့ မရဘူး။ လွှတ်တော်ကို ရှေ့တစ်ပတ်မှာ တင်ပြပေးမယ်" ဟု ဒေါက်တာခင်စန်းရီက ပြောသည်။

34-Student-Strike-01-s

ကျောင်းသားများက နိုဝင်ဘာ ၁၄ရက်မှ စတင်ကာ ၁၇ရက်အထိ အဆိုပါ ပညာရေးဥပဒေသည် ဒီမိုကရေစီ စံချိန်စံနှုန်း မပြည့်မီဘဲ ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ်မှု မကင်းသည့် ဥပဒေတစ်ရပ် ဖြစ်သည်ဟုဆိုကာ ကန့်ကွက် ဆန္ဒပြကာ သပိတ်မှောက်ခဲ့သည်။ ယင်းအပြင် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေတစ်ရပ် ပေါ်လာရေးအတွက်လည်း ကျောင်းသားများက တိုက်ပွဲဝင်သွားမည်ဟု ကြွေးကြော်ထားသည်။

ကျောင်းသားများဆန္ဒပြနေခြင်းအပေါ် ဝန်ကြီးက "သူတို့ကို နားလည်ပေးနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း သာ ဆွေးနွေးစေချင်တာပဲ ရှိတယ်။ သူတို့လိုချင်တာဘာလဲလို့ သိလို့ရှိရင် မိဘတိုင်းကတော့ သားသမီးလိုချင်တာကို အကုန်မပေးနိုင်ဘူးလေ။ အဲတော့ မိဘလို လာပူဆာပါ။ ပြောကြည့်မယ်။ လုပ်ကြည့်မယ်။ ဒါပေမယ့် မိဘမတတ်နိုင်တဲ့ဟာကိုတော့ သားသမီးကလည်း နားလည်ပေးနိုင်ရမယ်" ဟု ပြောသည်။

ဆန္ဒပြ ကျောင်းသားများက နိုဝင်ဘာ ၁၇ရက်က သပိတ်မှောက် ဆန္ဒပြသည့် နောက်ဆုံးနေ့တွင် အစိုးရအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းပေးရန်နှင့် ဖြေရှင်းမပေးပါက ကန့်ကွက် သပိတ်မှောက်မှုကို အရှိန်ဆက်လက် မြှင့်တင်သွားမည်ဟု ကြေငြာလိုက်သည်။ ယင်းသို့ ကြေငြာအပြီး နိုဝင်ဘာ ၁၈ရက် တွင် နိုင်ငံပိုင်သတင်းစာများအတွင်း အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ အချက် ၆ချက်ဖြင့် ရှင်းလင်းထားပြီး ဥပဒေ အတည်ပြုခြင်း၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ဥပဒေပြုရေး အာဏာသည် လွှတ်တော်တွင် ရှိနေ၍ ကျောင်းသားများ၏ ဆန္ဒနှင့် သဘောထားကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများထံ တင်ပြ ဆွေးနွေးနိုင်ရန် ဟုဆိုကာ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီက စေ့စပ်ညှိနှိုင်းပေးရန် ဖိတ်ခေါ်ထားသည်။

Most read this week