အလုပ်သမား အခွင့်အရေး ရရှိရေး အလုပ်သမား ၄၀ ခန့်ဆန္ဒပြ

အလုပ်သမား အခွင့်အရေး ရရှိရေး အလုပ်သမား ၄၀ ခန့်ဆန္ဒပြ
by -
မဇ္စျိမ

အလုပ်သမား အခွင့်အရေးများကို ကုမ္ပဏီပိုင်ရှင်က ဖြည့်ဆည်းပေးရန် Centuryply Myanmar Private Limited သစ်သားလွှာစက်ရုံမှ အလုပ်သမား ၄၀ ခန့်က ဒဂုံအရှေ့ပိုင်း မင်းသိဒ္ဓိကျော်စွာလမ်းရှိ ယင်းစက်ရုံရှေ့တွင် နိုဝင်ဘာ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

အလုပ်သမားခေါင်းဆောင် ကိုအောင်နိုင်မင်းက "ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင် လေးဦး အလုပ်ထုတ်ခံထားရတယ်။ အလုပ်ပြန်ရဖို့ အပါအဝင် အလုပ်သမား အခွင့်အရေးရရှိဖို့ ဆန္ဒထုတ်ဖော်တာပါ” ဟု ပြောသည်။

အလုပ်သမားခေါင်းဆောင်များဖြစ်သည့် ကိုအောင်နိုင်မင်း၊ ကိုစိုးပိုင်ဦး၊ ကိုမျိုးသူဝင်း၊ ကိုကျော်ဖြိုးဝေ တို့ကို နိုဝင်ဘာ ၈ ရက်က အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် အလုပ်ခွင် မဝင်ရောက်သူများကို တရားဝင်အလုပ်မှ ထုတ်ပယ်သည်ဟု စက်ရုံမှ တရားဝင်စာထုတ်ပြန်ခဲ့သည်။

အလုပ်သမားများမှ တောင်းဆိုသည့် အချက်လေးချက်မှာ နှစ်ဦးနှစ်ဘက် မျှတသည့် ကုန်ထုတ်စံနှုန်း သတ်မှတ်ပေးရန်၊ ကျွမ်းကျင်လုပ်သား၊ လုပ်သက်ရှိလုပ်သားနှင့် အစမ်းခန့်လုပ်သား လစာအဆင့်အလိုက် ခွဲခြားသတ်မှတ်ပေးရန်၊ သန့်ရှင်းရေးဝန်ထမ်း လုံလောက်စွာထားပေးရန်၊ ကျွမ်းကျင်လုပ်သားများအတွက် အကူလုပ်သား ထားရှိပေးရန် တို့ဖြစ်သည်။

Centuryply Myanmar Private Limited သစ်သားလွှာ စက်ရုံ အလုပ်သမားများရရှိသည့် အခြေခံလစာမှာ လုပ်သက်ရှိ လုပ်သားများနှင့် အစမ်းခန့်လုပ်သားများက လစာ လေးသောင်းကျပ်နှင့် ကျွမ်းကျင်လုပ်သားများက လစာ ကျပ်လေးသောင်းခွဲသာ ရရှိသည်ဟု စက်ရုံ အလုပ်သမားများက ပြောသည်။

ယင်းအရေးကို လိုက်ပါဆောင်ရွက်နေသည့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမာမာဦးက “ ဒီလိုဖြစ်ရပ်တွေ ဖြစ်ရတာက မြန်မာ လုပ်သားတွေကို တန်ဖိုးမထားတာကနေ အခြေတည်ပြီး ဖြစ်ပေါ် လာတာပါ။ ဒီမှာက အလုပ်သမားတွေကို စျေးပေါပေါနဲ့ ခိုင်းလို့ရတာ ဆိုတော့ ရင်းနှီမြုပ်နှံသူတွေက ဒါကိုအသုံးချပြီး အလုပ်သမားတွေကို လုပ်ခနှိမ်ကြတယ်” ဟုပြောသည်။

ယခုအကြိမ်သည် လေးကြိမ်မြောက်ဆန္ဒပြခြင်းဖြစ်ပြီး သုံးကြိမ်မြောက် ဆန္ဒပြပြီးချိန်တွင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၁၄ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ပြေလည်မှုမရရှိသည့် အတွက် လေးကြိမ်မြောက် ဆန္ဒပြခြင်းဖြစ်သည်ဟု ကိုအောင်နိုင်မင်းက ပြောသည်။

Most read this week