တပ်မတော်သားများ အနေဖြင့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားသည့်အပြင် အရပ်ဖက် ကိုယ်စားလှယ်များ ကိုပါ မဲပေးခွင့်ရရှိနေခြင်းသည် အခြေခံ ဥပဒေပုဒ်မ ၃၉၁(ခ)နှင့် ဆန့်ကျင်နေသည်ဟု ကျားဖြူပါတီ၊ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ပြောသည်။
နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယမြောက်ရက်အဖြစ် ကျင်းပသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစားအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစိုင်းဘိုးအောင်က လေးသိန်းကျော်မျှရှိသည့် တပ်မတော်သားများသည် ဥပဒေပြုရေး အာဏာအတွက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားပြီး ယင်းတို့၏ မဲပေးပိုင်ခွင့်ကို ပုဒ်မ ၁၀၉(ခ)၊ ၁၄၁(ခ)၊ ၁၆၁(ခ) တို့ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရယူထားသည်ဟု ဆိုသည်။
၎င်းက "ဒါကြောင့်မို့ သန်းငါးဆယ်မျှသော အရပ်သားများကို ကိုယ်စားပြုရမယ့် ကျန်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်း ရွေးချယ်ရာမှာ တပ်မတော်သားတွေက ထပ်ပြီး မဲပေးမယ်ဆိုရင် လူတစ်ကိုယ် မဲနှစ်မဲပေးခွင့်ရရှိပြီး သားဖြစ်တဲ့ အနေအထားဖြစ်သွားမှာပါ’’ ဟု ပြောကြားသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်စိုးက သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်နေသူများ၊ လူမွဲစာရင်းကြေညာ ခံရသူ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခံထားရသူများကိုသာ မဲပေးခွင့်မရှိသူအဖြစ် သတ်မှတ်ထားရာ ကျန်နိုင်ငံသားများမှာ မဲပေးခွင့်ရှိသည်ဟု ချေပထားသည်။
၎င်းက "ဝန်ထမ်းများလည်း မဲပေးပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်တို့ တပ်မတော်သားများဟာ လည်း နိုင်ငံဝန် ထမ်းဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်တွေ ကိုင်ဆောင်ထားသည့်အတွက် မဲပေးပိုင်ခွင့်ရှိပါတယ်’’ ဟု ပြောသည်။
ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈(က)တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟု ပြဌာန်းထားကြောင်း ၎င်းက ဖြည့် စွက်ပြောသည်။