ရှမ်းပြည်နယ်အတွင်း တရုတ်-မြန်မာ မြေပိုင်နက် အငြင်းပွားမှု နိုင်ငံခြားရေး ဝန်ကြီးဌာန ဖြေရှင်းမည်

ရှမ်းပြည်နယ်အတွင်း တရုတ်-မြန်မာ မြေပိုင်နက် အငြင်းပွားမှု နိုင်ငံခြားရေး ဝန်ကြီးဌာန ဖြေရှင်းမည်
by -
မဇ္စျိမ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်စပ်မြေပိုင်နက်ကိစ္စ အငြင်းပွားနေခြင်းကို ပြည်နယ် အစိုးရအနေဖြင့် တိုက်ရိုက်ဖြေရှင်းမည် မဟုတ်ဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနကသာလျှင် သံတမန်နည်းဖြင့် ဖြေရှင်းသွားရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က မဇ္စျိမကို ပြောသည်။

တရုတ် နိုင်ငံဘက်မှ မြန်မာနိုင်ငံ ပိုင်နက်အတွင်းရှိ ရှမး်ပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကျေးခွန်၊ မန့်နောင်နှင့် ကုန်းဆာရွာတို့တွင် နယ်မြေကျူးကျော်နေခြင်းကို မြန်မာနိုင်ငံမှ မြေစာရင်း ဦးစီးဌာနက မေလအတွင်း နယ်မြေများ ပြန်လည်တိုင်းတာက ထိုမြေများကို တရုတ်မြေအဖြစ် သတ်မှတ်ပေးခဲ့ခြင်းကြောင့် ဒေသခံများနှင့် အစိုးရအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အတွင်းရေးမှူး ဦးမြင့်အောင်က "ဒါက ပြည်နယ်နဲ့မဆိုင်တော့ဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်တော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ နှစ်ဖက် သံတမာန် အဖွဲ့အစည်းတွေနဲ့ နယ်စပ်တိုင်းတာရေး လုပ်ပြီးမှဘဲ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ သိနိုင်မှာပါ" ဟု ပြောသည်။

ယင်းကိစ္စကြောင့် ဇွန်လ ၂၈ရက်က ရှမ်းပြည်နယ် ၀န်ကြီးချူပ်နှင့် ၀န်ကြီးများ အဖွဲ့သည် ထိုဒေသခံများနှင့် နမ့်ခမ်းမြို့ပေါ် တွင် တွေ့ဆုံခဲ့ပြီးနောက်  တရုတ်မြေ အဖြစ် သတ်မှတ်ခံရသည့် ကုန်းဆာရွာသို့ သွားရောက်ကြည့်ရာခဲ့ရာတွင် ၀န်ကြီးချူပ်က ယာယီစိုက်ထူထားသည့် တရုတ်-မြန်မာ နယ်စပ် နယ်ခြားတိုင်းများကို ဖယ်ရှားပစ်ရန် ညွှန်ကြားခဲ့သည်။

ထို့နောက်တွင်လည်း  ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် ဒဿမပုံမှန် အစည်းအဝေးတွင် မူဆယ်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းဘိုးအောင်က နိုင်ငံတော် နယ်နိမိတ် ထိပါးစေမည့်အရေး ကာကွယ်ရန် အတွက် နှစ်နိုင်ငံစာချူပ်နှင့် အညီ တိုင်းတာဆောက်ရွက်ရန် နှင့် မိမိပိုင်နက် နယ်မြေဆုံးရှုံးစေမည့် ကိစ္စ လုပ်ဆောင်ကြသည့် မိမိနိုင်ငံသားများအား ထိရောက်စွာ အရေးယူရန် တို့ကို အဆိုတင်သွားခဲ့သည်။

သို့သော် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝဏ္ဏမောင်လွင်က တရုတ်ပိုင်မြေထဲတွင် မြန်မာတို့ က မြေဧက ၄၂ဧကခန့် ကျူးကျော်ကာ စိုက်ပျိုးရေး လုပ်နေကြောင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းတိုင်းတာစဉ်က ထိုရွာများ တစ်လျောက်တွင်နေသည့် လူကြီး၂၃ဦးအား ခေါ်ယူရှင်းပြခဲ့ပြီးနောက်မှသာလျှင် တိုင်းတာခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်တွင် ပြန်လည် ဖြေဆိုခဲ့သည်။

၀န်ကြီးချူပ် လာသွားပြီးနောက်တွင် ပြေလည်သွားပြီဟု ဒေသခံများအနေဖြင့် ယူဆခဲ့သော်လည်း ယခု နိုဝင်ဘာလ အတွင်း မူဆယ်ခရိုင် အုပ်ချူပ်ရေးမှူး၏ ညွှန်ကြားချက်အရ၊ နမ့်ခမ်းမြို့နယ် အုပ်ချူပ် ရေးမှူးက အငြင်းပွား နေရာများတွင် ဒေသခံများ စိုက်ပျိုးရေး လုပ်ငန်းများ မလုပ်ရန် တားမြစ်စာ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဒေသခံများ၏ သဘောမတူမှုများ ပြန်လည်ထွက်ပေါ်လာ ခြင်းဖြစ်သည်ဟု  နမ့်ခမ်းမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ အတွင်းရေးမှူး စိုင်းအောင်ဝင်းက  ဆိုသည်။

စိုင်းအောင်ဝင်းက "လွှတ်တော်မှာ ပြည်ထောင်စု ၀န်ကြီးဖြေခဲ့သလို နယ်နိမိတ် မျဉ်းတိုင်းတုန်းက ရွာသားတွေ သိတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ မသိကြောင်း ရွာသားတွေ အားလုံးက ထွက်ဆို ပေးနိုင်တယ်။ သူတို့ သတ်မှတ်ပေးတိုင်း ဒေသခံတွေက လက်ခံမပေးနိုင်ဘူး" ဟု ပြောသည်။

ဒေသခံများ အနေဖြင့် ထိုမြေများတွင် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော မြေများဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံမြေအဖြစ် မပေးလိုသဖြင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် တောင်းဆို နေကာ နမ့်ခမ်းမြို့နယ်မှ နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကလည်း လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်များတွင် ထပ်မံအဆို တင်သွင်းရန် စီစဉ်နေကြသည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အတွင်းရေးမှူး စိုင်းထွန်းလှကလည်း နယ်နိမိတ် သတ်မှတ်ခြင်း အပေါ် ဒေသခံများ ဖြစ်စေလိုသည့် သဘောထားဆန္ဒများကို ပါတီအနေဖြင့် လိုက်လံ ကောက်ယူ စုဆောင်းထားခဲ့ပြီး ဖြစ်ကာ ယခုလ ၂၈ ရက်တွင် ပြန်လည်စတင်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် နမ့်ခမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်မှတဆင့် တင်ပြမည်ဖြစ်ကြောင်း ပြောသည်။

Most read this week