မြို့မြေကို အကွက်ရိုက် ရောင်းစားသည်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးအား ဆန္ဒပြ

မြို့မြေကို အကွက်ရိုက် ရောင်းစားသည်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးအား ဆန္ဒပြ
by -
မဇ္စျိမ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို ့နယ် အုပ်ချုပ်ရေးမှူးအား မြို့မြေကွက်များ အလွဲသုံးစားလုပ်ကာ အကွက် ရိုက်ရောင်းစားသည်ဟု ဆိုကာ ကန်ကြီးထောင့်မြို့နေ ပြည်သူ ၂၀၀ ဝန်းကျင်က နိုဝင်ဘာ ၁၇ရက် နံနက်က မြို့အတွင်းလှည့်လည်ကာ ဆန္ဒပြခဲ့သည်။

“အဓိက ဆန္ဒဖော်ထုတ်ရတာ ဥပဒေကြောင်းအရ အရေးယူသင့်တာကို မယူဘူး။ နိုင်ငံတော် သမ္မတ ဆီကိုလည်း မြေကွက် အလွဲသုံး ရောင်းစားတာနဲ ့ပတ်သက်ပြီး စက်တင်ဘာလက တိုင်ကြားထားတယ်။ ဘာမှမထူး၊ ဝန်ကြီးချုပ်ကလည်း  အရေးယူ ဆောင်ရွက်တာ မရှိဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက် အကျင့်ပျက်လုပ်ဆောင်မှုတွေ ရှိနေသားနဲ ့အရေးယူဆောင်ရွက်မှု မရှိရင် နောက်လာမယ် မြို့နယ်အဆင့်တွေက အခုလို လုပ်ဆောင်မှုမျိုးတွေ လုပ်လာနိုင်ပါတယ်"ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောသူ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။

 မြေအလွဲသုံးသည်ဟုဆိုကာ ကန်ကြီးတောင့်အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၇ရက်က ဆန္ဒပြစဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်၊ မဇ္ဈိမ)

ဆန္ဒပြသူများက ကန်ကြီးတောင့် မြို့မစျေးရှေ့မှ စ၍ ရွှေဘိုတန်းလမ်းမကြီး၊ ဘုရင်နောင်လမ်းမကြီး၊ ကျန်စစ်သားလမ်းမကြီးတို့ကို ပတ်ကာ မြို ့မစျေးအထိ နံနက် ၉နာရီ၄၅မိနစ်မှ စတင်ကာ “C-205 (မြေကွက်နံပတ်) မြေကွက် ကိစ္စစုံစမ်းဖော်ထုတ် အရေးယူရေး" "တရားဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး" "အကျင့်ပျက်ဝန်ထမ်းများ ပပျောက်ရေး တို ့အရေး" စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

မည်သည့် ပုဂ္ဂလိက အဆောက်အဦးမျှ ဆောက်လုပ်ခြင်းမရှိရန်၊ မြို့သစ်မြေကွက် အကောင်အထည်ဖော်ရာ တွင် မြို့နယ်စည်ပင်၊ မြို့နယ် အထောက်အကူပြုအဖွဲ့၊ စပ်ဆက်အဖွဲ့များနှင့် ဌာနဆိုင်ရာများက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် သတင်းစာရှင်းလင်းပွဲ၌ သဘောတူညီထားပြီးဖြစ်သည့် မြေကွက်အမှတ် C-205 ကို ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးမှူးတို့က အကွက်ရိုက်ခဲ့၍ ဒေသခံများက ဆန္ဒပြခြင်းဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ်၊ မဟာသီရိ မင်္ဂလာ ရာမကျောင်း၊ ရွှေရတုခန်းမတွင် စက်တင်ဘာ ရရက်က နေ့လည် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်၊ ဒေသခံပြည်သူများ၊ ကန်ကြီးတောင့် တို့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲသို့ ကန်ကြီးတောင့်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖိတ်ကြားသော်လည်း ရောက်မလာခဲ့ပေ။

"ကျွန်တော်တို့ အလွဲသုံးစားလုပ်ထားတာ ဘာမှမရှိဘူး။ မြေကွက်ရိုက်တယ်ဆိုတာလည်း ကျွန်တော် တစ်ဦး တစ်ယောက်တည်းနဲ့ ဆောင်ရွက်လို့ မရဘူး။ အထက်အဆင့်ဆင့်ကို တင်ပြပြီးမှ ဆောင်ရွက်လို့ရတယ်။ ကျွန်တော့်ဘက်က မှားတာရှိရင် အရေးယူခံရဖို့ အဆင်သင့်ပဲ"ဟု ကန်ကြီးတောင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က မဇ္စျိမကို ပြောသည်။

ယင်းမြေကွက်ကို ၁၉၉၆ ခုနှစ်က မြို့မြေအဖြစ် သိမ်းထားခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးက သိမ်းဆည်း ခံ ဒေသခံများအား ကျပ်သိန်း ၃၀ တစ်ကြိမ် သိန်း ၅၀ တစ်ကြိမ် လျော်ကြေးပေးခဲ့သည်။ သို့သော် ထိုမြေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးတို့ ပေါင်းကာ အကွက် ၁၂ ကွက် ရိုက်၍ တစ်ကွက်လျင် ကျပ်သိန်း ၈၀ဖြင့် ရောင်းချခဲ့သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်က ပြောသည်။ ထိုသို့ ရောင်းချခြင်းကို ၎င်းတို့က လွန်ခဲ့သည့် တစ်လခန့်ကမှ သိရှိခဲ့သည်ဟုလည်း ဆိုသည်။

Most read this week