ဖြုတ်ချခံရ၍ လစ်လပ်သွားသည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောက်နီကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေရာတွင် ပြန်လည်ရွေးကောက်တင်မြှောက်ရာ တရားမျှတမှု မရှိဟုဆိုကာ တက်ရောက်လာသည့် လူဦးရေ သုံးပုံတစ်ပုံခန့် ထပြန်သွားခဲ့သည်ဟု ကျောက်နီကျေးရွာ ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းရုံးရေးမှူး ဦးမြင့်ဆွေက မဇ္စျိမကို ပြောသည်။
အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးကောက်ပွဲကို နိုဝင်ဘာ ၁၆ ရက်က တောင်ကြီးမြို့၊ ကျောက်နီကျေးရွာ၊ ကျောက်နီဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရွေးကောက်တင်မြောက်သည့်နေ့တွင် ကြီးကြပ်သူ ငါးဦး ရွေးကောက်ရာ ယခင် ဖြုတ်ချခံရသည့် အုပချုပ်ရေးမှူးဟောင်း ဦးညိုဝင်း၏လူ ငါးဦး၏ အမည်စာရင်းကိုသာ တင်သွင်းလာ၍ တရားမျှတမှု မရှိဟု ဆိုကာ တက်ရောက်လာသည့် လူ၅၀၀ကျော်တွင် ၂၀၀ခန့်က ထပြန်ခဲ့ခြင်း ဖြစ်သည်ဟု ကျောက်နီကျေးရွာ ဓနုစာပေယဉ်ကျေးမှု နှင့်ဒေသဖွ့ံဖြိုးတိုးတက်ရေး အသင်း၏ စည်းရုံးရေးမှူး ဦးမြင့်ဆွေက ပြောသည်။
"တရားမျှတမှုမရှိဘူးဆိုတာ ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေ ယူထားတာရှိတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး လစ်လပ်နေတာ သုံးလလောက်ရှိပြီဖြစ်တဲ့ တောင်နီကျေးရွာကိုတော့ ယာယီ အုပ်ချုပ်ရေးမှူးနဲ့ပဲ ထားထားပြီးတော့ ကျောက်နီက ယာယီအုပ်ချုပ်ရေးမှူးကို ချက်ခြင်း အနားပေးတာ မတရားလို့ ကန့်ကွက်ရခြင်းဖြစ်တယ်” ဟု ကျောက်နီကျေးရွာ ဓနုစာပေယဉ်ကျေးမှု နှင့် ဒေသဖွ့ံဖြိုးတိုးတက်ရေး အသင်း၏ စည်းရုံးရေးမှူး ဦးမြင့်ဆွေက မဇ္စျိမကိုပြောသည်။
ကျောက်နီကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးညိုဝင်းအား အောက်တိုဘာ ၃၁ ရက်၊ ရက်စွဲဖြင့် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးမှူး အဖြစ်မှ ရပ်ဆဲခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ဘက်က ပြစ်ချက်တစ်စုံတစ်ရာ မရှိဘူး၊ မတရားဖြုတ်ချခံရတာပါ၊ ဖြေရှင်းခွင့်လည်း တစ်စုံတစ်ရာမရခဲ့ဘူး” ဟု ကျောက်နီကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးညိုဝင်းက မဇ္စျိမကို ပြောသည်။
လစ်လပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် အစီစဉ်တကျ လုပ်ဆောင်ထားသည့် သူ များ ဖြစ်သည့်အတွက် ခရိုင်၊ ပြည်နယ် အဆင့်ဆင့် ဆက်လက် ကန့်ကွက်သွားမည်ဟု ကျောက်နီကျေးရွာ ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွ့ံဖြိုးတိုးတက်ရေး အသင်း၏ စည်းရုံးရေးမှူး ဦးမြင့်ဆွေနှင့် ကျေးရွာသားများက ပြောသည်။
အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပွဲသို့ ကျောက်နီကျေးရွာအုပ်စုအတွင်းရှိ သရက်ပင်လှ ကျေးရွာ၊ ကျောက်နီကျေးရွာ၊ ဘုရားနီကျေးရွာ၊ မီးချောင်းကျေးရွာ နှင့် ဆူးပုပ်ကွေ့ကျေးရွာတို့ မှ ကျေးရွာသူ/သားများ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဓနုစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့မှ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။