ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ် အထိမ်းအမှတ်ပွဲများ ၂၀၁၅ ခုနှစ် တစ်နှစ်လုံး NLDကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ် အထိမ်းအမှတ်ပွဲများ ၂၀၁၅ ခုနှစ် တစ်နှစ်လုံး NLDကျင်းပမည်
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်း အသက်တစ်ရာပြည့်နှစ် အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများကို မြို့နယ်အနှံ့ ကျင်းပသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သော အမျိုးသားနေ့ သဝဏ်လွှာတွင် ထည့်သွင်းကြေညာလိုက်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ် အဖြစ်သတ်မှတ်ကာ  အမျိုးသား ခေါင်းဆောင်ကြီးအတွက် အထိမ်းအမှတ်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး  ပြည်သူလူထုနှင့်အတူ တစ်နို်င်ငံလုံးဒေသ၊ မြို့နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် လစဉ်ကျင်းပ သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အမျိုးသားနေ့ အောင်ပွဲသည် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်် စတင်ကျင်းပမည့် စည်းရုံးလှုပ်ရှားမှုများ အစပြုခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသော၊ ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ဖြင့် ဖွဲ့စည်းအပ်သော ဂုဏ်သိက္ခာနှင့် ပြည့်စုံသော နို်င်ငံတကာအလယ်၌ ဝင့်ကြားဦးမော့နိုင်သော ကံကြမ္မာသစ်ကို ဖော်ဆောင်ရန်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် တိုက်တွန်းလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် သဘောထားကြီးသည့် နိုင်ငံရေးအမြင် ၊ အမျိုးသားရေးအမြင် လိုအပ်ပြီး" ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များသည် တိုင်းပြည်ကို အကျိုးပြုနိုင်မည့် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ် မပေါ်ပေါက်နိုင်" ဟု သဝဏ်လွှာဖြင့် တိုက်တွန်းထားသည်။