လယ်မြေ ပြန်ရရေး လှုပ်ရှားသူ သဲကုန်း လယ်သမားများကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်

လယ်မြေ ပြန်ရရေး လှုပ်ရှားသူ သဲကုန်း လယ်သမားများကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်
by -
မဇ္စျိမ

လယ်ယာမြေ ပြန်လည်ရရှိရေး လှုပ်ရှားကြသည့် ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်း မြို့နယ်နေ တောင် သူများကိုထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်လိုက်သည်။

သဲကုန်းမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၁ ရက်တွင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) ဖြင့် ဒဏ်ငွေ ကျပ်တစ်သောင်း၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်း ဖြစ်သည်။

သဲကုန်းမြို့နယ်မှ လယ်သမား ငါးဦးအနက် တစ်ဦးဖြစ်သူ ကိုပေါက်စ ကို သဲကုန်းတရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

“ဒေါ်ညိုရဲ့ ၅၀၅ (ခ) နှစ်မှုကို တစ်ပေါင်းတည်း မချဘဲ သီးခြားစီ အမိန့်ချလိုက်တယ်” ဟု ကိုမျိုးသူထွဋ် က ပြောသည်။ တရားရုံး ၁၅ ချိန်းမြောက်တွင် ယင်းသို့ ပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အချုပ်သားဘဝဖြင့် အမှုရင်ဆိုင်နေသူ ကိုပေါက်စမှာ ချုပ်ရက်ဖြင့် လွတ်မြောက်လာပြီး ကိုမောင်ဝင်းမှာ အကျဉ်းထောင်အတွင်း သုံးရက်နေထိုင်ရဦးမည်ဖြစ်သည်။ ၅၀၅ (ခ) နှစ်မှု သီးခြားစီကျခံ လိုက်ရသည့် ဒေါ်ညိုမှာမူ ခြောက်လကျော် ပြစ်ဒဏ်ခံရဦးမည်ဖြစ်သည်။

သို့သော် အာမခံဖြင့် အမှုရင်ဆိုင်နေသူ မခင်မာအေး၊ ဒေါ်မုန်းတို့မှာမူ ထောင်ဒဏ် ခြောက်လ စတင်ကျခံရမည်ဖြစ်သည်။ တရားခံပြေးအဖြစ် ကြေညာ ခံထားရသည့် လယ်ယာမြေပြန်ရရေး တက်ကြွ လှုပ်ရှားသူ ကိုသန့်ဇင်ထက်၊ ကိုကောင်းထက်ကျော်၊ကိုကျော်သူအောင်တို့မှာမူ အမှု ရင်ဆိုင်ခြင်းပင် မရှိသေးပေ။

ပြစ်ဒဏ်ချခံရသူများဖက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက “ခရိုင်တရားရုံး ကို အယူခံတက်မယ်” ဟု ပြောသည်။

တောင်သူတို့၏ အဆိုအရ ၂၀၁၁ခုနှစ်တွင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ မြောက်နှင့် တောင်ရှိ ကွင်းအမှတ် ၉၂၂၊ အမှတ်၉၂၃ရှိ လယ်မြေ ၂၁၇၄ဧက ကို တပ်မတော် တပ်မ (၆၆) ကသိမ်းယူခဲ့ပြီးနောက် ယခုအခါ အမှတ်(၃) လယ်ယာလက်ကား သမဝါယမ လုပ်ငန်းက ငါးကန်အဖြစ် အသုံးချနေသည်။

ယင်းကြောင့် ဦးဆောင်သူ တောင်သူ ၅ ဦးနှင့် တက်ကြွလှုပ်ရှားသူ ၃ ဦး တရားစွဲဆိုခံရခြင်းဖြစ်သည်။ သို့သော် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် အထက်ပါ ၈ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးကို စွဲဆိုထားသည့် အမှုကိုမူ တရားရုံးက စီရင်ချက်မချရသေးပေ။

Most read this week