နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့သော မိုးကြောင့် မြန်မာနိုင်ငံအတွင်း စပါးစိုက် ဧက အများဆုံးဖြစ်သည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းရှိ မိုးစပါးစိုက် လယ်သမားတို့၏ ရိတ်သိမ်းပြီးသား စပါးများရေစိုသကဲ့သို့ လုပ်ငန်းခွင်များလည်း ရပ်နားထားရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းမှာ နှစ်ရက်အတွင်း အားကောင်းသည့် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လယ်ဧက ငါးဆယ်ပိုင်ဆိုင်သူ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ကိုမျိုးက "အခု ရေထဲမှာ မြုပ်နေတာ ကျွန်တော့စပါး ဧက နှစ်ဆယ်လောက်ရှိတယ်။ မိုးရွာတော့ စပါးခင်းက မြုပ်ကုန်ပြီ။ ရိတ်ပြီးသား ကောက်လှိုင်းတွေလည်း မိုးမိကုန်တယ်" ဟု ပြောသည်။
မိုးစပါးစိုက် ဧက တစ်သိန်းသုံးသောင်းကျော်ရှိသည့် ကျိုက်လတ်မြို့နယ်တွင် ယခု ရွာသွန်းနေသည့် မိုးကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ရ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ၎င်းက ပြောပြသည်။
ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင်ဖြစ်သည့် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက "မိုးက မနေ့ကရော၊ ဒီနေ့ရော တော်တော်လေးရွာနေတယ်။ ရိတ်သိမ်းနေတဲ့သူတွေ ကသိကအောက်ဖြစ်တာပေါ့" ဟု ပြောသည်။
မိုးစပါး စိုက်ဧကပေါင်း ၂၇ သိန်း ရှိသည့် ပဲခူးတိုင်းတွင်လည်း မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီးသား စပါးများကို အမိုး အကာအောက်သို့ ရွှေ့ပြောင်းထားကြရန် လယ်သမားများကို ညွှန်ကြားထားရသည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ဆိုသည်။
စပါးများမှာ မိုးရေစိုပြီးနောက် သုံးရက်မှ ငါးရက်အတွင်း အပင်အစို့ပေါက်ပြီး ပျက်စီးတတ်သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
"အခုအခြေအနေနဲ့ဆိုရင် တော်တော်များများ လယ်သမားတွေ လယ်မလုပ်ဖို့အထိ စိတ်ကူးရှိနေကြတယ်။ နိုင်ငံတော် ဖြစ်ဖြစ်၊ လူမှုရေး အဖွဲ့အစည်းတွေက ကူညီပေးမယ်ဆိုရင် ကောင်းမယ်" ဟု လယ်သမား ကိုမျိုးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းရေးမှူး ဒေါက်တာ တင်မာဌေး၏ ပြောဆိုချက်အရ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် မိုးရွာသွန်းနိုင်ခြေမှာ ရာနှုန်းပြည့် ဖြစ်နေသည်။
လယ်သမားများမှာ မိုးရွာမှုကြောင့်လုပ်ငန်းခွင် ရပ်နားထားရသော်လည်း မိုးပြတ်သွားသည်နှင့် တစ်ပြိုင်နက် စပါးရိတ်သိမ်းကြရန် ဆန္ဒရှိပြီးပဲသီးနှံကို အချိန်မီ စိုက်ပျိုးကြမည် ဖြစ်သည်။
ရိတ်သိမ်းပြီးသားစပါးများ ရေမြုပ်နေသည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီးတစ်ဦးက "မတ်ပဲဆိုရင် အခုတောင် နောက်ကျနေပြီ။ တကယ်အင်တိုက်အားတိုက် လုပ်ရမယ့် အချိန်မှာ မိုးရွာချတော့အိမ်ပေါ်မှာပဲ ထိုင်နေရတော့တာပေါ့" ဟု ပြောသည်။
ယခုကဲ့သို့ မိုးရွာသွန်း၍ လုပ်ငန်းများ ရပ်ထားရပြီး မိုးပြတ်သည့် အချိန်တွင် ရေစိုနေသော စပါးများကို ေြွခလှေ့စက်ဖြင့် စပါးခြွေနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ပြီး ခြွေလှေ့စက် မရှိပါက စပါးများ အစို့ပေါက်ပြီး ရောင်းဈေးလျော့နည်းသွားမည်ဟု အဆိုပါ လယ်သမားက ဆိုသည်။
ရိတ်ပြီးသားစပါး သုံးဧက ရေမြုပ်နေသည့် ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီး ဦးဌေးကလည်း "စပါးရောင်းပြီး ရှိတဲ့ ကြွေးလေးမြီလေး ဆပ်မယ်ဆိုပြီး ရိတ်ချလိုက်တာဗျာ။ အခုတော့ ရိတ်ပြီးသားတွေ အကုန်ရေထဲ မှာဖြစ်ကုန်ပြီ။ အဆက်မပြတ်ထပ်ရွာဦး မယ်ဆိုရင်တော့ မလွယ်တော့ဘူး" ဟု ညည်းတွားသည်။
ယင်းအပြင် ပြီးခဲ့သည့်နှစ်က မိုးစပါးပေါက်ဈေးမှာ တင်းတစ်ရာလျှင် ကျပ်လေးသိန်းခန့်ရှိသော်လည်း ယခုနှစ်တွင်မူ ကျပ်သုံးသိန်းခွဲထိသာ ရှိနေသည်။ ယခုကဲ့သို့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆက်လက်ပြီး စပါးဈေးကျနိုင်သည်ဟု စပါးက သုံးသပ်သည်။
လွတ်လပ်သောတောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်ကမူ "အရောင်ပျက်တဲ့ စပါး၊ အစေ့ပေါက်တဲ့ စပါး မဝယ်နဲ့ဆိုတဲ့ အပေါ်က ညွှန်ကြားချက်တွေနဲ့ ဈေးထပ်ကျဦးမယ်။ စပါးတွေ ပျက်တာနဲ့ပတ်သက်ပြီး အစိုးရကို တင်ပြမယ်" ဟု ဆိုသည်။
ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်သည့်ဒဏ်ကို လယ်သမားများ ခံနေရသော်လည်း အစိုးရက လယ်ယာသုံး ပစ္စည်းများ ပံ့ပိုးပေးမှုမှာ အားနည်းလျက်ရှိသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ည ရ နာရီချိန်ထုတ်ပြန်ချက်က လေဖိအားနည်းရပ်ဝန်းသည် အဝါရောင်အဆင့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲလာပြီး ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။