စစ်တပ်ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းပြန်ဖော်ရာတွင် ဦးခေါင်းတစ်ခုလုံး ကြေမွနေသည့်ဒဏ်ရာနှင့် နံရိုးကျိုးနေသည့် ဒဏ်ရာများကို တွေ့ရှိ ခဲ့ကြောင်း အလောင်းပြန်ဖော်ရာတွင် လိုက်ပါကြည့်ရှုခဲ့သူ မျက်မြင်သက်သေများက နိုဝင်ဘာ ၅ ရက်တွင် မဇ္စျိမကို ပြောသည်။
ကိုပါကြီးအလောင်းကို တူးဖော်ရာတွင် တပ်မတော်မှ ထုတ်ပြန်ထားသလို သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဆို လျှင် သေနတ်ဒဏ်ရာသာ ရှိရမည်ဖြစ်သော်လည်း ဦးခေါင်းနောက်ဖက် ချိုင့်ဝင်နေခြင်း မေးရိုးနှင့် နံရိုးများ ကျိုးကြေနေခြင်း၊ ညာဘက်ခြေသလုံး ကျိုးနေသည့် ပုံစံဖြစ်နေခြင်း၊ ပေါင်ခြံများ ညိုမဲနေခြင်း စသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု အလောင်းဖော်ရာတွင် ကြည့်ရှုခဲ့သူ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မဇ္စျိမကို ပြောသည်။
“သေနတ်ဒဏ်ရာနဲ့ သေတယ်ဆိုပြီး ခုအလောင်းကို ဖော်လိုက်တဲ့အခါ ဒဏ်ရာအပြည့်နဲ့ဆိုတော့ ဒီထက် ပြည့်စုံ တဲ့ သက်သေ အထောက်အထားဆိုတာ မရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော်၏ ထုတ်ပြန်ချက်အရ ကိုပါကြီးကို ရွှေဝါချောင်းနှင့် မီတာ ၅၀၀ အကွာတွင် အောက်တိုဘာ ၄ ရက်က မြေမြုပ်ခဲ့သည် ဆိုသော်လည်း အလောင်းမှာ ပုပ်ပွခြင်းမရှိသေးဘဲ ဖောရောင်နေသည့် အခြေအနေသာ ရှိနေသေးကြောင်း မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင် က ဆိုသည်။
“ဦးခေါင်းက ပစ္စည်းတစ်ခုခုနဲ့ ရိုက်ထားသလို ကြေပြီးခွက်ဝင်နေတယ်။ တကိုယ်လုံး ဒဏ်ရာအပြည့်ပဲ ”ဟု ဦးနေမျိုးဇင် ကပြောသည်။
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက အပေါ့သွားလိုသည်ဟု အကြောင်းပြကာ ကင်းစောင့် စစ်သည်ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ် သည်က ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ သည်ဟု အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ ကြေညာချက်တွင် ရေးသားထားသည်။
ကိုပါကြီးအလောင်းကို နေ့လည် ၁၂ နာရီခန့်တွင် စတင်တူးဖော်ခဲ့ပြီး နေ့လည် ၂ နာရီတွင် တူးဖော်မှုပြီးစီးခဲ့ သည်။
ကိုပါကြီး၏ အလောင်းတူးဖော်ရာတွင် ဗိုလ်ကြီးတစ်ဦးဦးဆောင်သည့် တပ်မတော်အဖွဲ့၊ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်မှ ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့်အဖွဲ၊ မှုခင်းဆရာဝန်၊ နေပြည်တော်မှ ရဲမှူးကြီး ဦးသောင်းဝင်းနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါကြည့်ရှုခဲ့သည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ၊ မွန်အမျိုးပါတီမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
ကိုပါကြီး သေဆုံးသည်ဟု တပ်မတော်မှမထုတ်ပြန်ခင် ကိုပါကြီး ပျောက်မှုဖြင့် အောက်တိုဘာ ၁၉ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာတွင် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြည့်နှင့် ကိုပါကြီးကို တွေ့ခဲ့သည်ဟု ရဲစခန်းမှ တပ်ကြပ် တစ်ဦးမှ ပြောဆိုခဲ့သည်ဟု ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၁ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းပွဲတွင် ဇနီးဖြစ်သူ မသန္တာက ပြောကြားထားသည်။
လက်ရှိအချိန် (ညနေ ၅ နာရီခွဲ)တွင် ကိုပါကြီး၏ အလောင်းကို ဆေးစစ်ချက်ယူရန်အတွက် မွန်ပြည်နယ် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ကိုပါကြီး၏ အလောင်းဆေးစစ်ချက်နှင့် စစ်ဆေးခဲ့သည့် မှုခင်း ဆရာဝန်၏ ထွက်ဆိုချက်ကို မေးမြန်းသွားမည်ဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆိုသည်။
ကိုပါကြီးသေဆုံးမှုသည် စစ်တပ်နှင့် ပတ်သက်သည့် ကိစ္စဖြစ်နေသောကြောင့် ကိုပါကြီးအလောင်းအား တူးဖော်၍ ဆေးစစ်ချက်ယူရာတွင် မှုခင်းဆရာဝန်အနေဖြင့် တရားမှျှှတမှုမရှိဘဲ ဖုံးကွယ်ထားမည်ကို စိုးရိမ်ကြောင်းနှင့် ဘက်လိုက်မှုမရှိဘဲ တရားမျှတမှုရှိရှဖြင့်် မှန်မှန်ကန်ကန် ပြောကြားပေးစေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်သန္တာ အောက်တိုဘာ ၂၄ တွင် မဇ္စျိမကို ပြောကြားဖူးသည်။
ကိုပါကြီးသေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ စစ်ဆေးပြီး လူ့အခွင့်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံး တင်ပြရန် ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ထားသည်။