ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၆၉ ခုကို နည်းပညာအဆင့်မြှင့်တင်၍ Control Centre ဖြင့် ထိန်းချုပ်ရန်ပြင် ဆင် နေပြီး ကျပ်ငွေ ၄၀ ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ လမ်းတံတားဌာန၊ အင်ဂျင်နီယာချုပ် ဦးတင်မောင်ကြည်က နိုဝင်ဘာ ၄ ရက်က အတည်ပြုပြောကြားသည်။
စက်မှုလက်မှုကုန်သည်များ အသင်းချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် အများပြည်သူ သွားလာမှု အဆင်ပြေစေရေး အလုပ်ရုံဆွေးနွေးပွဲရလဒ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် မီးပွိုင့် ၆၅ နေရာတွင် စီစီတီဗီတပ်ဆင်၍ အော်တိုမီးပွိုင့် စနစ်ပြောင်းလဲမည့် လုပ်ငန်း ပထမအဆင့်ကို ကျပ်ငွေ ၁၉ ဒသမ ၃ ဘီလီယံသုံးစွဲမည်ဟု ၎င်းက ပြောသည်။
“နိုင်ငံတော်ကလည်း ပံ့ပိုးပါလိမ့်မယ်။ ကျွန်တော်တို့ စပြီးဆောင်ရွက်နေပါပြီ။ မီးပွိုင့်ဆယ်ခုစာ ပစ္စည်းတွေ ကတော့ ဆိပ်ကမ်းမှာ ရောက်နေပါပြီ။ ၆၅ ပွိုင့်စာကတော့ အမြန်ဆုံး ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင် ကြည်က ရှင်းလင်းသည်။
ဗဟိုထိန်းချုပ်မှုစနစ်နှင့် ပတ်သက်၍ ဦးတင်မောင်ကြည်က “ယာဉ်ထိန်းတပ်ဖွဲ့က ပွိုင့်တွေမှာ ခလုတ်တွေ တပ်ဆင်ပေးဖို့ တောင်းဆိုတဲ့ အတွက် ကျွန်တော်တို့ တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
မီးပွိုင့်များကို ဗဟိုထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်ကို ဂျပန်နိုင်ငံ၊ ဂျိုက်ကာအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီ လမ်းဆုံမီးပွိုင့် (ချော်တွင်းကုန်းလမ်းဆုံ)ကို ဗဟိုပြု ၍ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ နဝဒေးလမ်းဆုံ၊ ဂန္ဓမာလမ်းဆုံ၊ အင်းလျားလိတ် ဟိုတယ် အဝင်လမ်းဆုံ၊ ပါရမီလမ်းဆုံ၊ သစ္စာလမ်းဆုံ၊ စက်မှု (၁)လမ်းဆုံတို့ ပါ၀င်သော မီးပွိုင့်ခြောက်ခုနှင့် ပါရမီလမ်း ပေါ်တွင် ပြည်လမ်းဆုံ၊ ဦးထွန်းငြိမ်းလမ်းဆုံ၊ နှင်းဆီလမ်းဆုံ၊ ဝေဇယန္တာလမ်းဆုံတို့ ပါ၀င် သော မီးပွိုင့်လေးခု စုစု ပေါင်း ၁၀ ခုကို ချိတ်ဆက်၍ ကနဦးလုပ်ဆောင်သွားမည် ဖြစ်သည်။