ဖောက်ခွဲမှုဖြင့် ထောင်နှစ်၂၀ ကျော်ကျနေသည့် ကချင်ဒုက္ခသည်နှစ်ဦးလွတ်ရန် အထူးဆုတောင်းပွဲလုပ်

ဖောက်ခွဲမှုဖြင့် ထောင်နှစ်၂၀ ကျော်ကျနေသည့် ကချင်ဒုက္ခသည်နှစ်ဦးလွတ်ရန် အထူးဆုတောင်းပွဲလုပ်
by -
မဇ္စျိမ

ဖောက်ခွဲမှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ ခန့် အကျဉ်းကျနေသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းပွဲကို နိုဝင်ဘာလ ၄ ရက်တွင် မြစ်ကြီးနား မြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ချင်း ခရစ်ယာန်အသင်းတော် ခန်းမတွင် ကျင်းပခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက မဇ္စျိမကို ပြောသည်။

ဆုတောင်းပွဲအစီအစဉ် ပထမပိုင်းတွင် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေး မှူး ဒေါက်တာ ခလမ်ဆမ်ဇွန်၊ ရွှေစက်အသင်းတော်မှ ဘာသာရေးခေါင်းဆောင် ဆရာတစ်ဦး၊ အကျဉ်း သားနှစ်ဦး၏ မိသားစုများနှင့် ရှေ့နေ ဦးဂျီမာခါးတို့မှ ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ အမှုနှင့်ပတ်သက်၍ မတရားဖမ်းဆီးခံထားရမှုကို ရှင်းလင်းခဲ့ပြီး ဒုတိယပိုင်းတွင် ဆုတောင်းဝတ်ပြုမှု ပြုလုပ်၍ ပြည်သူလူထု၏ အမေးအဖြေများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန်က အောက်တိုဘာလတွင် အကျဉ်းသား ၃၀၀၀ကျော်ကို လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးနှင့် စပ်နွယ်သူများ လက်နက်ကိုင် အဖွဲ့နှင့် စပ်နွယ်သူများ မပါဝင်သည်ကိုလည်း ဦးဂျီမာခါးက ဝေဖန်လိုက်သည်။

“ဒါက လူ့အခွင့်အရေးချိုးဖောက်မှုပဲ။ ဒါကြောင့် အခုလွှတ်ပေးတဲ့ လူတွေက သူခိုး၊ ဓါးမြတွေကိုတော့လွှတ်။ အခုလို ဆက်လုပ်နေမယ်ဆိုရင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်တာလည်း အစိုးရပဲ။ သူပြောတာနဲ့လုပ်တာ မကိုက်ညီဘူး။ ဖြစ်လာတဲ့ ပြဿနာတွေလည်း သူ့တာဝန်ရှိတယ်လို့ပဲ ပြောချင်တယ်”ဟု ၎င်းကပြောသည်။

၂၀၁၄ခုနှစ် နိုဝင်ဘာ ၁ရက်က နိုင်ငံပိုင်သတင်းစာတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့၏ တင်ပြမှုအပေါ် စိစစ်ချက်အရ အခြားပြစ်မှုကျူးလွန်ခဲ့သူ ပြစ်ဒဏ်ကျခံဆဲ (၂၇)ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုစာရင်းတွင် နံပါတ်စဉ် ၁နှင့် ၂၌ ဦးဘရန်ရုန်းနှင့် ဦးလဖိုင်ဂမ်တို့ကို ထည့်သွင်းထားသည်။

သူတို့နှစ်ဦး လွတ်မြောက်ရန်အတွက် ဆုတောင်းခြင်းနှင့် လူထုရှင်းလင်းပွဲကို ပြည်သူလူထု ၁၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

အစောပိုင်းကလည်း ထိုနှစ်ဦး လွတ်မြောက်ရန်အတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ထံ စာရေးသား ပေးပို့ခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်ကလည်း ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ထပ်မံ၍ လက်မှတ် ရေးထိုးတောင်းဆိုခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေရာမှ သူတို့၏ သားသမီးများ၏ ကျောင်းစရိတ် ရှာရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာမှ အစိုးရ စစ်တပ်၏ ခလရ ၃၇ တပ်ဖွဲ့များ KIA အဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးဘရန်ရုန်းကို ထောင်ဒဏ် ၂၁ နှစ်ထိ ထောင်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် နိုင်ငံတော်သမ္မတ၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်က လွတ်ငြိမ်းချမ်းသာခွင့်တွင် ဦးဘရန်ရုန်း၏ ၁၇/၁ပုဒ်မကို ပြစ်ဒဏ် နှစ် နှစ်အား ပယ်ဖျက်ပေးခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ ၂ရက်တွင်မူ ပြဒစ်ဒဏ်၏ လေးပုံတစ်ပုံ လျော့ပေါ့ပေး၍ ပေါက်ကွဲ ငါးမှုဖြင့် ထောင်ဒဏ် ၁၉နှစ်ကျန်ရှိသည်။ အလားတူ ဦးလဖိုင်ရမ်ကိုလည်း ၁၇/၁ကို ပယ်ဖျက်ပေးခဲ့ပြီး ရက်ပေါင်း ၄၅၀ လျော့ပေါ့ပေးလိုက်၍ ဖောက်ခွဲမှု လေးမှုဖြင့် ထောင်ဒဏ် ၁၈နှစ် ဆက်လက်ကျခံနေရသည်ဟု နိုဝင်ဘာ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပါရှိသော စာရင်းအရ သိရသည်။

Most read this week