ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ ဖြင့် မြို့နယ် လေးမြို့နယ်မှ အမှုပေါင်း ၅ ခုဖြင့် ထောင်ဒဏ်စုစုပေါင်း လ ၂၀ အမိန့်ချမှတ် ခံထားရသည့် မိကျောင်းကန် သပိတ်ခေါင်းဆောင် ဦးစိန်သန်း၏ အမှုများအား တစ်ပေါင်းတည်း ကျခံနိုင်ရန် အနောက်ပိုင်း ခရိုင်တရားရုံးက နိုဝင်ဘာလ ၁၇ ရက်တွင် အမိန့်ချမည်ဟု ဦးစိန်သန်း၏ အကျိုးတော်ဆောင် တရားလွတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက မဇ္စျိမကို ပြောသည်။
ယင်းအမှုများကို တစ်ပေါင်းတည်း အမိန့်ချရေးအတွက် စက်တင်ဘာလ ၁၉ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် အယူခံ ဝင်ခဲ့ခြင်း ဖြစ်သည်။
သပိတ်ခေါင်းဆောင် ဦးစိန်သန်းအား ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ဖြင့် ဗဟန်းမြို့နယ် တရားရုံး၊ လသာမြို့နယ် တရားရုံး၊ ပန်းဘဲတန်းမြို့နယ် တရားရုံးတို့မှ တစ်မှုစီနှင့် ကျောက်တံတားမြို့နယ် တရားရုံးမှ နှစ်မှု၊ စုစုပေါင်း ၅မှုကို ထောင်ဒဏ်လေးလစီ အမိန့်ချမှတ်ခဲ့သည့်အတွက် စုစုပေါင်းထောင်ဒဏ် လ ၂၀ ကျခံနေရသူဖြစ်သည်။
အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက “အောက်ရုံးတွေက တစ်ခုစီ အမိန့်ချထားတဲ့အတွက် အမှုတွေကို ခရိုင်မှာ ပေါင်းပေးဖို့တင်တာ။ တစ်ပေါင်းတည်းဆိုရင် အမြင့်ဆုံးက ခြောက်လအထိသာ ချလို့ရတယ်။ ဘယ်နှစ်လ ဖြစ်မလဲဆိုတာ တရားရုံးရဲ့ အမိန့်ပေါ် မူတည်တယ်” ဟု ပြောသည်။
အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေက အယူခံတင်ပြီးနောက် အနောက်ပိုင်းခရိုင် တရားရုံးမှ အယူခံကို လက်ခံပြီး အောက်တိုဘာ ၃ ရက်၊ ၁၄ ရက်နှင့် ၂၄ ရက်တို့တွင် ရုံးချိန်းများ ကြားနာခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်တွင် အမိန့်ချမည်ဖြစ်သည်။
ဦးစိန်သန်း၏ ဇနီးဖြစ်သူ ဒေါ်စောစန္ဒာက “စည်ပင်ဥပဒေ ပုဒ်မ ၆၈ ကိုလည်း အနောက်ပိုင်း ခရိုင်တရားရုံးမှာ အယူခံဝင်တယ်။ ပယ်ချခံရတယ်။ မနက်ဖြန် (နိုဝင်ဘာလ ၅ ရက်) တိုင်းရုံးကို ဆက်တင်သွားမယ်” ဟု ပြောသည်။
ဦးစိန်သန်းကို စည်ပင်ဥပဒေ ပုဒ်မ-၆၈ ဖြင့် လသာမြို့နယ် စည်ပင်တရားရုံးမှလည်း ထောင်ဒဏ် လေးလ အမိန့်ချမှတ်ခံထားရသည်။
ဦးစိန်သန်းသည် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း၁၊ ၂၊ ၃ မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ်၊ ရန်ကုန ်တရားလွှတ်တော်ရုံးနှင့် မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့်လှစ်ခဲ့သည့် ခေါင်းဆောင်ဖြစ်သည်။ ယင်းသပိတ်ကို မတ်လ ၂၃ ရက်က စတင် ဖွင့်လှစ်ခဲ့ကာ ယနေ့တိုင် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။