နိုင်ငံတော် အကြီးအကဲကို အကြည်ညိုပျက်စေမှုဖြင့် သံတော်ဆင့်ဂျာနယ်ကို ပြန်ကြားရေး တရားစွဲမည်

နိုင်ငံတော် အကြီးအကဲကို အကြည်ညိုပျက်စေမှုဖြင့် သံတော်ဆင့်ဂျာနယ်ကို ပြန်ကြားရေး တရားစွဲမည်
by -
မဇ္စျိမ

နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး၊ အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများဖြင့်ရေး သားဖော်ပြသည်ဟုဆိုကာ မြန်မာသံတော်ဆင့် ဂျာနယ်ကို တရားစွဲမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၄ ရက်တွင် ထွက်ရှိသည့် အစိုးရ သတင်းစာ များတွင်လည်း ထည့်သွင်းဖော် ပြထားသည်။

News-Paper-s

သြဂုတ် ၉ ရက်တွင် ထုတ်ဝေခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်၌ အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ ဆုံမေးမြန်းခြင်း ကဏ္ဍတွင် “နိုင်ငံတော်သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ် မရ၊ ပေါက် လွှတ်ပဲစား ပြောသလို ဖြစ်နေတာ'' ဟု လည်းကောင်း ဆောင်းပါးစာတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကိုဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့အပေါ စား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာစဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်း များဖြင့် ရေးသားဖော်ပြခဲ့သော သက်ဆိုင်ရာဂျာနယ် အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေ ရှင်းပေးနိုင်ရေး အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အကြောင်းကြားခဲ့သည်ဟု ကြေ ညာချက်တွင် ရေးသားထားသည်။

သံတော်ဆင့် ဂျာနယ်အနေဖြင့် တောင်းပန်စာ နှစ်ကြိမ်ထည့်သွင်းပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ညှိနှိုင်းခဲ့သော်လည်း တောင်းပန်စာကို တစ်ကြိမ်သာထည့်ပေးရန် ပြောဆိုခဲ့သည့် အပြင်

တောင်းပန်စာတွင် ဖော်ပြပေးမည့် အရေးအသားများသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော် သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညိုပျက်စေသည့် ရေးသားချက်များနှင့် နှိုင်းယှဉ်ပါက ထိရောက်စွာ ချေဖျက်ပေးနိုင်ခြင်းမရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက်ပုတ်ခတ်ရာ ရောက်သည့် စာသားများ ပါဝင်နေသည်ဟုဆိုသည်။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော် ဆင့်ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်သွားမည် ဟု ကြေညာချက်တွင် ရေးသား ထားသည်။

သံတော်ဆင့်ဂျာနယ်အနေဖြင့် အတိုက်အခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအဆင့်ရှိသူတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်ကို ပြည်သူသိစေရန် မီဒီယာအနေဖြင့် တစ်ဆင့်ခံဖော်ပြပေးခြင်းသာဖြစ်ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ် ဒုတိယအယ်ချုပ် ကိုအံခေါင်မင်းက မဇ္စျိမကိုပြောသည်။

“အရင်အစိုးရတွေလက်ထက်က လုပ်နည်းလုပ်ဟန်နဲ့ သိပ်ပြီးအမကွာခြားပါဘူး မီဒီယာလွတ်လပ်ခွင့်လို့ ဘယ်လိုပဲပြောနေပါစေ ပြည်သူလူထုရဲ့ ထုတ်ဖော်ဝေဖန်ပိုင်ခွင့် မီဒီယာရဲ့ လွတ်လပ်စွာ ရေးသားတင်ပြခွင့် အပေါ်မှာ ကန့်သတ်ချုပ်ချယ်တဲ့ နည်းလမ်းတစ်ခုလို့ မြင်ပါတယ်။”ဟု ၎င်းကဆိုသည်။

သို့သော် သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိသည်ဆိုသော်လည်း ရေး သား ဖော်ပြသည့် ဂျာနယ်များသည်လည်း တာဝန်ယူ၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း မြန်မာဂျာနယ် လစ်ကွန်ယက် အမှုဆောင့်အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်သည်။

“တဖက်သားကို ခံရခက်အောင်ပြောပြီး စျေးကွက်သဘောအရ ဆွဲဆောင်တာမျိုး မဖြစ်စေချင်ပါဘူး” ဟု ၎င်းကပြောသည်။

သြဂုတ် ၉ ရက်တွင် ထုတ်ဝေခဲ့သည့် မြန်မာသံတော်ဆင့်ဂျာနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသု တေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းနှင့် အင်တာဗျူးကို ဖော်ပြခဲ့ခြင်းဖြစ်သည်။