အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ

အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ
by -
မဇ္စျိမ

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး လာရောက်တက်မည့် အမေရိကန်သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။

သမ္မတအိုဘားမားက ယခုနို၀င်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု အင်န်အယ်လ်ဒီအသိုင်းအဝိုင်းက ပြောသည်။

Obama-visits-Myanmar-at-Daw-Su

တွေ့ဆုံမည့်ရက်မှာ နိုဝင်ဘာ ၁၃ ရက်ဖြစ်သော်လည်း မည်သည့်နေရာတွင် တွေ့ဆုံမည်ကိုမူ မသိရှိသေးကြောင်းလည်း ယင်းအသိုင်းအဝိုင်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာလ ၂၂ ရက်က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နို၀င်ဘာလ ၁၃ ရက်မှ ၂၁ ရက်အတွင်း မူသဘောဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကညွန်ကြားထားသည်။

အမေရိကန်သမ္မတအိုဘားမားသည့် ၎င်း၏ နိုဝင်ဘာခရီးစဉ်အတွင်း တရုတ်၊ သြစတြေးလျနှင့် မြန်မာနိုင်ငံ များသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ အိုဘားမားက ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ဖူးသည်။

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပချိန်နှင့် အခြေခံဥပဒေ ဆွေးနွေးပွဲများ ကျင်းပချိန် တိုက်ဆိုင်နေခြင်း သည် မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်နေသည်ဟု နိုင်ငံတကာအား ပြသလိုသည့် သဘောဖြစ် သည်ဟု လေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် အတိုက်အခံ ခေါင်းဆောင်များ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ငါးပွင့်ဆိုင်တွေ့ဆုံခဲ့သေးသည်။

Most read this week