NCCT နှင့် MPC တို့ ချင်းမိုင်တွင် အလွတ်သဘော ဆွေးနွေး

NCCT နှင့် MPC တို့ ချင်းမိုင်တွင် အလွတ်သဘော ဆွေးနွေး
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ (UPWC)တို့ သတ္တမအကြိမ် တွေ့ဆုံဆွေးနွေးရေး အတွက် NCCT နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တို့ နိုဝင်ဘာ ၃ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အကြို အလွတ်သဘော ဆွေးနွေးခဲ့သည်။

“ဒီမနက်ပိုင်း တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေအနေ၊ အချက်တွေကို ညှိနှိုင်းပြီးတော့ အဖြေရှာတာပါပဲ။ အဲဒီလောက်ပါပဲ”ဟု NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

Khun-Okkar

NCCT ဘက်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင် နှင့် ဗိုလ်မှူး ဆင်ဝါးတို့ အပါအဝင် ၄ ဦးနှင့် MPC ဘက်မှ ဦးလှမောင်ရွှေ အပါအဝင် ၆ ဦးတို့ တွေ့ဆုံဆွေးဆွေးခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားနိုင်ငံရေးအင်အား စုများ တွေ့ဆုံမှုကို ပြန်လည် ရှင်းပြခဲ့ပြီး လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်း အဝေးနောက်ပိုင်း နောက်ထပ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မလေးရှားနိုင်ငံသို့ လွှဲအပ်ပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးအတွက် ပိုမိုစောက်ချလုပ်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

နောက်ထပ် သတ္တမအကြိမ် တွေ့ဆုံမှုနှင့် ပတ်သက်၍ “သတ်မှတ်မယ့် လူကြီးတွေလည်း မပါဘူး။ ဘယ်အဆင့်တွေ့မလဲ။ ဆုံးဖြတ်ချက် မရဘူး။ ကျွန်တော်တို့ဘက်က လူကြီးတွေလည်း မရှိကြဘူး။ သူတို့ကလည်း သူတို့က အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်လေးမှာတော့ တစ်ချက်တွေ့ချင် တယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် စီစဉ်ပေးပါ့မယ်လို့ သို့သော်လည်း အာမခံချက်တော့ မပေးနိုင်ဘူးလို့ ပြောထားတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်ထိ ဆဋ္ဌမအကြိမ်မြောက် ရန်ကုန်မြို့ (MPC) ၌ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရာတွင် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိဘဲ အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူခဲ့သည်။

သို့သော် အစိုးရတပ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွား ခဲ့ပြီးနောက် တွေ့ဆုံနိုင်ခြင်း မရှိသေးသည့်အပေါ် ပြန်လည် တွေ့ဆုံရန် ညှိနှိုင်းခဲ့ခြင်းလည်း ဖြစ်သည်ဟု MPC မှ အဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

“ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့နည်းလမ်း အဓိကပေါ့” ဟု ၎င်းက ပြောသည်။

အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်ရှိနေသည့်အချက်များမှာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲပြီးနောက် နှစ်ဖက် စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့်သူများ သတ်မှတ်ရေးတို့ ဖြစ်သည်။

NCCT ဘက်မှ အပစ်အခတ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင် လက်မှတ် ရေးထိုးစေလိုသော်လည်း အစိုးရဘက်ကမူ သဘောတူညီမှု မရသေးပေ။

Most read this week