ကိုပါကြီးက သတင်းထောက်ဟု မထွက်ဆိုဘဲ DKBA အဖွဲ့ကဟုသာ ထွက်ဆိုခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ကိုပါကြီးက သတင်းထောက်ဟု မထွက်ဆိုဘဲ DKBA အဖွဲ့ကဟုသာ ထွက်ဆိုခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
by -
မဇ္စျိမ

လက်နက်လုယူမှုကြောင့် စစ်တပ်က အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည့် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်တပ်မှ မသင်္ကာမှုဖြင့် မေးမြန်းခဲ့ရာတွင် သတင်းထောက်ဟု ပြောဆိုခဲ့ခြင်းမရှိဘဲ DKBA အဖွဲ့၏ လက်အောက်ခံ အဖွဲ့ငယ် ဖြစ်သော KKO ဗိုလ်မှူးကြီး စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဟုသာ ထွက်ဆိုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၃၁ ရက်တွင် ထပ်မံထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၃၁ ရက်တွင် ပေးပိုခဲ့သည့် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ သတင်းစာတိုက်များသို့ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ကိုအောင်နိုင်ကို ဖမ်းဆီးမိချိန်တွင် သတင်းထောက်ဟု ပြောဆိုခဲ့ခြင်းမရှိသလို သတင်းထောက်များ အသုံးပြုလေ့ရှိသော ကင်မရာ၊ အသံဖမ်းစက်၊ စာရွက်စာတမ်း၊ ကတ်ပြားစသည့် စာနယ်ဇင်းနှင့် သက်ဆိုင်သော အထောက်အထားများကိုလည်း မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် ကိုအောင်နိုင်သည် သတင်းထောက်တစ်ဦးဖြစ်စေကာမူ ဖမ်းဆီးမိခဲ့သည့် ကျိုက်မရောမြို့ စက်လှေဆိပ်သည် တိုက်ပွဲနယ်မြေနှင့်ဆက်စပ်နေပြီး ပဋိပက္ခနယ်မြေသို့ သွားရောက်လိုလျှင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၏ သတ်မှတ်စည်းကမ်းများနှင့် အညီခွင့်ပြုချက်ယူရန် လိုအပ်သော်လည်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဆိုသည်။

“တပ်မတော်အနေဖြင့် ကိုပါကြီးကို ဖမ်းဆီးရမိချိန်မှာ ရန်သူတစ်ဦးအနေနှင့်သာ ဖမ်းဆီးရမိခြင်းဖြစ်သည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ကိုအောင်နိုင်၏ ပြောကြားချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့တွင် KKO မှ စောဆန်းအောင်နှင့်အတူ MPC အစည်းအဝေးသို့ သွားရောက်ခဲ့ပြီး အစညး်အဝေးပြီးလျှင် တပ်မတော်မှ လက်နက်များ သိမ်းယူသွားသော စောဝင်းဇော်နှင့် အဖွဲ့ထံ သွားရောက် ပူးပေါင်းမည့် စောဆန်းအောင်နှင့်အတူ ရွှေဝါချောင်ကျေးရွာသို့ လိုက်ပါခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟုဆိုသည်။

ယခုကဲ့သို့ တပ်မတော်က ထုတ်ပြန်သော်လည်း ကိုပါကြီးသည် DKBA အဖွဲ့၏ မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း DKBA စစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းထွန်းက မဇ္စျိမကို အတည်ပြု ပြောဆိုထားသည်။

ဇနီးဖြစ်သူ မသန္တာ ကမူ “ ကျွန်မယောက်ျားက ဘယ်လက်နက်ကိုင်အဖွဲ့ကမှ မဟုတ်ပါဘူး။ သူကရန်တောင် ဖြစ်ဖူးတာ မဟုတ်ပါဘူး။ သူ့သေဆုံးမှုဟာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ညှင်းပန်းနှိပ်စက်ခံရလို့ဖြစ်ခဲ့တာပါ။ ဒါကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြန်စစ်ဆေးပေးပါ။ တရားမျှတမှုရှိအောင် လုပ်ပေးပါ။ ” ဟု ပြောဆိုထားသည်။

ယင်းအပြင် ကိုပါကြီးသည် လက်နက်ကိုင်များနှင့် တွေ့ရစဉ်ဟု တပ်မတော်က မူလထုတ်ပြန်ထားသည့် ဓါတ်ပုံသည် ၂၀၁၀ ပြည့်နှစ်အတွင်း အစိုးရစစ်တပ်နှင့် DKBA တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် စစ်ရှောင်ဒုက္ခသည်များကို ကူညီရန်သွားခဲ့သည့် အဖွဲ့နှင့် ကိုပါကြီးသည် သတင်းယူရန် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဓါတ်ပုံတွင်ပါ၀င်သူ ဦးကိုကိုအောင်က ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် မွန်၊ ကရင်ပြည်နယ်ရှိ သတင်းထောက်အချို့ကလည်း ကိုပါကြီးသည် အလွတ်သတင်းထောက်တစ် ဦး ဖြစ်ကြောင်း သက်သေခံနိုင်သည်ဟု မဇ္စျိမကို ပြောဆိုဖူးသည်။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်မှ ဖမ်းဆီးပစ်သတ်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးက တပ်မတော်ကို ရှုတ်ချထားသည်။

ထို့ပြင် ကိုပါကြီးသေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စစ်ဆေးပြီး လူ့အခွင့်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံး တင်ပြရန် ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့မ ရဲစခန်းမှလည်း ဇနီးဖြစ်သူ အမှုဖွင့်တိုင်ကြားချက်အရ ကိုပါကြီးအလောင်းကို ဆေးစစ်ချက်ယူနိုင်ရန် အထက်အဆင့်ဆင့်သို့ အလောင်းတူးဖော်ခွင့် တောင်းခံထားဆဲဟု ဒုရဲအုပ် သိန်းစန်း ၀င်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံးမှုကို ပြန်စစ်ဆေးပေးရန် ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့ပေါင်း ၄၀ ကျော်မှ တောင်းဆို နေကြသလို ရန်ကုန်အခြေစိုက် အမေရိကန်နှင့် ဗြိတိန် သံရုံးတို့ကလည်း မြန်မာအစိုးရအနေဖြင့် ပွင့်လင်းမြင် သာသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

Most read this week