တောင်ကုတ်လူသတ်မှု နိုဝင်ဘာလတွင် အယူခံဝင်မည်

တောင်ကုတ်လူသတ်မှု နိုဝင်ဘာလတွင် အယူခံဝင်မည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်တွင် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ၁၀ ဦး အသတ်ခံရမှုနှင့် စပ်လျဉ်းပြီး ထောင် ခုနှစ် နှစ်စီကျခံရသူများက နိုဝင်ဘာလတွင် အယူခံဆက်တင်သွားမည်ဟု ၎င်းတို့၏ အမှုလိုက်ရှေ့နေ ဒေါ်နွေးနွေးငြိမ်းက မဇ္စျိမကို ပြောသည်။

ယင်းအမှု နှင့် သက်ဆိုင်သူ ရ ဦးကို သံတွဲခရိုင်တရားရုံးက အောက်တိုဘာ ၂၄ ရက်တွင် ထောင်ဒဏ် ရ နှစ်စီ စီရင်ချက်ချခဲ့ပြီး နိုဝင်ဘာလ ၁၅ရက်မတိုင်မှီ အယူခံဝင်ရမည်ဖြစ်သည်။

အမှုလိုက်ရှေ့နေ ဒေါ်နွေးနွေးငြိမ်းက “တောင်ကုတ်မှာ ဆယ်ဦးသေတယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် သူတို့ သတ်ပါတယ်ဆိုတာ သက်သေအထောက်အထားလည်း မရှိတဲ့အတွက် ကျွန်မတို့မှာ အခွင့်အရေးရှိပါ သေး တယ်"ဟု ဆိုသည်။

အဆိုပါ ပြစ်ဒဏ်စီရင်ခြင်းခံရသူ ခုနှစ်ဦးမှာ တောင်ကုတ်မြို့ပေါ်က ဖြစ်ပြီ ၎င်းတို့ကို ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ဇွန်လ ၂ ရက်က ကျောက်နီမော်တွင် မသီတာထွေး သတ်ခံရမှုဖြစ်ရပ် အပြီး ဒုတိယမြောက်နေ့တွင် သံတွဲမြို့က ထွက်ခွာလာသော အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဆယ်ဦးသတ်ခံရခြင်းဖြစ်သည်။

ပြစ်မှု စီရင်ခြင်းခံရသူများမှ တစ်ဦးဖြစ်သည့် ကိုအေးငြိမ်း၏ အစ်မဖြစ်သူ မချောစုက "လူအုပ်စု တစ်ခုက ကြောင့်ဖြစ်တဲ့ ကိစ္စကို မဖော်ထုတ်နိုင်ဘဲ နီးရာလူကို  ဖမ်းဆီးထောင်ချခဲ့တယ်လို့ ကျွန်မတို့ယူဆတယ်၊ ဒါကြောင့် လက်ရှိကျခံရတဲ့ ပြစ်ဒဏ်အပေါ်မှာလည်း မကျေနပ်ဘူး”ဟု ဆိုသည်။

ထိုသို့ အသတ်ခံရမှုအတွက် မူလက ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် တရားစွဲဆိုထားသော်လည်း စစ်ဆေး ပေါ်ပေါက်ချက်နှင့် တရားလို သက်သေ ခိုင်လုံမှုမရှိခြင်းကြောင့် ပုဒ်မ ၃၂၅ (တုံးသောလက်နက်ဖြင့် နာကျဉ်စေမှု)ဖြင့် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

ကျောက်နီမော် ကျေးရွာ မသီတာထွေး သတ်ဖြတ်ခံရမှုကို တောင်ကုတ်မြို့တွင် ဓာတ်ပုံနှင့် လှုံ့ဆော်စာများ ရေး သားဖြန့်ဝေမှုများ ရှိခဲ့ပြီးနောက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆယ်ဦးသတ်ခံရခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြစ် ပဋိပက္ခများ ကူးစက်ကာ အိုးမဲ့အိမ်မဲ့ ဒုက္ခသည် တစ်သိန်းကျော် ဖြစ်ခဲ့ပြီး လူ နှစ်ရာထက်မနည်း သေဆုံးခဲ့သည်။