ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသား သွေးစည်းညီညွတ်ရေးထက် ပြန့်ကျဲနေသည့် ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ပေါင်းစည်းတည်း ပြန်လည်ဖြစ်ပေါ်ရေးကို ဦးတည်သည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်က အောက်တိုဘာ ၂၉ ရက်က ကရင်ပြည်နယ်ရှိ DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ဒီကော်သူလေး တပ်မတော်ဆိုတာဟာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ပတ်သက်တာမဟုတ်ဘူး။ ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့ ပြည်သူအားလုံးပိုင်တဲ့ တပ်မတော်တစ်ရပ် ဖြစ်တယ်” ဟု ဗိုလ်ချုပ်စောလားပွယ်က ပြောသည်။
ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ဆွေးနွေးသွားမည်ဖြစ်သည်။ ယင်းကော်သူလေး တပ်မတော်ကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း KNDO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA တို့ ပူးပေါင်းဖွဲ့စည်းကြောင်း စက်တင်ဘာ ၁၃ ရက်က ကြေငြာချက်ထုတ်ကာ ကြေငြာခဲ့ခြင်း ဖြစ်သည်။
သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU)ကမူ ယင်းကိစ္စကို ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု ဆိုထားပြီး ဗဟိုကော်မတီ အစည်းအဝေးအတွင်း အောက်တိုဘာ ၂၈ ရက်က မူအားဖြင့် သဘောတူခဲ့သည်။