ကိုပါကြီးသေဆုံးမှု အမျိုးသား လှု့အခွင့်အရေး ကော်မရှင် စစ်ဆေးရန် ဆွေးနွေး

ကိုပါကြီးသေဆုံးမှု အမျိုးသား လှု့အခွင့်အရေး ကော်မရှင် စစ်ဆေးရန် ဆွေးနွေး
by -
မဇ္စျိမ

လက်နက်လုယူသဖြင့် တပ်မတော်က ပစ်ခတ်ဖမ်းဆီးလိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့သော အလွတ်သတင်းထောက်၊ သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်း ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုကို  စစ်ဆေးနိုင်ရန် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံ အမျိုးသားလှု့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင် က အောက်တိုဘာ ၂၈ ရက်တွင် မဇ္စျိမကို ပြောသည်။

ကိုပါကြီးသေဆုံးမှုတွင် ဇနီးဖြစ်သူ၏ ပြောကြားချက်များနှင့် တပ်မတော်၏ ထုတ်ပြန်ချက်များတွင် ကွဲလွဲမှုများရှိ နေသောကြောင့် သေဆုံးသူ အကြောင်း အသေးစိတ်သိရန် ကော်မရှင်အနေဖြင့် အချက်အလက်များ စုဆောင်းနေသည်ဟု ၎င်းကဆိုသည်။

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ကိုပါကြီးသေဆုံးခဲ့မှုအပေါ် အမှုမှန်ဖော်ထုတ်ပေးရန် ၈၈မျိုးဆက်  ကျောင်းသားခေါင်းဆောင်များ အပါအဝင် အဖွဲ့အစည်း ၄၀ ကျော်မှ ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ်။

ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က “လောလောဆယ်ကတော့ ဆွေးနွေးနေတယ်လို့ ပြောချင်ပါတယ်။ စုံစမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။” ဟု ပြောသည်။

ကိုပါကြီးသေဆုံးမှုအတွက် နိုင်ငံတော်သမ္မတက လွတ်လပ်ပြီး ကျွမ်းကျင်သူများပါ၀င်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးပြီး အမှုကိုပြန်လည်စစ်ဆေးပေးရန်နှင့် ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေး ယူပေးရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များဖြစ်သူ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုမြအေး တို့ အပါဝင် နိုင်ငံရေးအဖွဲ့အစည်း ၄၀ ကျော်မှ ရန်ကုန်မြို့တော် ခန်းမရှေ့ တွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းအပြင်  တပ်မတော်၏ လုပ်ရပ်သည် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရာတွင် ဥပဒေဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးကိုလည်း ချိုးဖောက်မှုများ ပြုလုပ် ခဲ့သောကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးပေးလိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

ကိုပါကြီးသည် DKBA အဖွဲ့၏ အဖွဲ့ငယ်တစ်ခုဖြစ်သည့် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည် ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ကိုပါကြီးသည် အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းဌာနများသို့ သတင်း ဓါတ်ပုံများ၊ သတင်းဆောင်းပါးများ ရေးသားပေးပို့နေသူဖြစ်ကြောင်း ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာနှင့် မွန်၊ ကရင်ပြည်နယ်ရှိ သတင်းထောက်များက မဇ္စျိမကို ပြောကြားထားသည်။

လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံးမှုအတွက် သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး စခန်းမှလည်း ကိုပါကြီး အလောင်းကို ဆေးစစ်ချက်ယူ စစ်ဆေးနိုင်ရန် အလောင်းတူးဖော်ခွင့် စာတင်ပြထားကြောင်း မွန်ပြည်နယ် ကျိုက်မရောရဲစခန်းမှ ဒုရဲအုပ် သိန်းစန်းဝင်းက မဇ္စျိမကို ပြောကြားထားသည်။

Most read this week