အပစ်ရပ်စာချုပ်ပြီးမှ အကူအညီပေးရေး စတင်နိုင်မည်ဟု ကန်သံအမတ် ပြောဟုဆို

အပစ်ရပ်စာချုပ်ပြီးမှ အကူအညီပေးရေး စတင်နိုင်မည်ဟု ကန်သံအမတ် ပြောဟုဆို
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးချုပ်ဆိုကြရန်နှင့် ယင်းလုပ်ငန်းစဉ်အောင်မြင်မှသာ တိုင်းရင်းသား ဒေသများသို့ အကူအညီများ စတင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး ဒဲရစ်မစ်ချယ်က အသိပေးခဲ့သည်ဟု ၎င်းနှင့်တွေ့ဆုံခဲ့သူ လမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၂၅၊ ၂၆ ရက်တို့တွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များ ဖြစ်သည့် (PCG-Peace Talk–Creating Group)၊ (TAT–Technical Assistance Team)၊ (KBC–Kachin Baptist Conven-tion)၊ ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတို့နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် ယင်းသို့ပြောခြင်းဖြစ်သည်ဟု PCG ၏ ပြောရေးဆိုခွင့်ရှိသူ ၎င်းက ပြောသည်။

Delmischel

“အပစ်ရပ်ရေး ၀ိုင်းကူမယ်၊ မြန်မြန် ငြိမ်းချမ်းအောင်လုပ်ဖို့ အပစ်ရပ်စာချုပ်မှ အမေရိကန်အပြင် တခြားနိုင်ငံတွေ က တိုင်းရင်းသားတွေ အတွက် ကူညီမှုတွေ စနိုင်မယ်လို့ ပြောပေမယ့် ဘယ်လိုအကူအညီတွေ ပေးမယ်ဆို တာကိုတော့ မပြောဘူး” ဟု ၎င်းက ဆိုသည်။

PCG သည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်း ရေးဖော်ဆောင် နိုင်ရေး အတွက် ဆောင်ရွက်ပေးသည့် အဖွဲ့ဖြစ်ကာ TAT ကမူ ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နည်းပညာအထောက်အကူပြု ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကမူ ခရီးစဉ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ရန်ရှိသော်လည်း နေ့ရက်နှင့် အကြောင်း အရာ အသေးစိတ်ကို ထုတ်မပြောနိုင်သေးဟု ပြန်ကြားရေးဌာနက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးဇော်သိန်းကလည်း ကချင်ဝန်ကြီးချုပ်နှင့် အမေရိကန် သံအမတ်ကြီးတို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံကြောင်း အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြောလိုခြင်းမရှိဟု ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အဲန်ဘန်လ နှင့် ဦးအောင်မင်း ခေါင်း ဆောင် သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့တို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင်တွေ့ ဆုံပြီး အပစ်ရပ်ရေးဆွေးနွေးရန် သဘောတူထားသည်။

သို့သော် အစိုးရနှင့် ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ KIA တို့သည် ယနေ့တိုင် ပြည်နယ် အဆင့်ပင် အပစ်ရပ် လက်မှတ်ထိုးနိုင်ခြင်း မရှိပေ။