လုပ်ငန်းခွင် ရပ်ဆိုင်းထားသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအား ယခုနှစ် နိုဝင်ဘာလအတွင်း စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေလျက်ရှိသည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်စိန်က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လက်ရှိတွင် ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်စတင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေ ပြီ ဖြစ်သော်လည်း အီတာလျံ ထိုင်းအများပိုင် ကုမ္ပဏီလီမိတက် (ITD)၏ ယခင် ဆောက်လုပ်ရေးကိစ္စရပ်များ ရှင်းလင်းရေးအတွက် ညှိနှိုင်းမှုများ မပြီးပြတ်သေးသဖြင့် အချိန်ကြန့်ကြာမှုများရှိနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးဟန်စိန်က“ အခုက ITDနဲ့ ဆောက်လုပ်ရေး သဘောတူညီချက် ညှိနှိုင်းမှုတွေ လုပ်ထားတယ်။ ပြီးရင် အစိုးရအဖွဲ့ကို တင်ပြပြီးလို့ သဘောတူညီမှုလက်မှတ်ထိုးပြီးရင် စလို့ရပြီ။ နို၀င်ဘာ ပွင့်လင်းရာသီထဲလောက်မှာ ဖြစ်အောင်တော့ အတတ် နိုင်ဆုံးကြိုးစားနေတယ်”ဟု ပြောသည်။
ထိုသို့ စီမံကိန်းများပြန်လည်လုပ်ကိုင်နိုင်ရန် ကနဦးရင်းနှီးမြှုပ်နှံသူဖြစ်သော ထိုင်းနိုင်ငံမှ အီတာလျံထိုင်း အများပိုင်ကုမ္ပဏီလီမိတက် (ITD) နှင့် ဂျပန်နိုင်ငံမှကုမ္ပဏီ တစ်ခုတို့ကို ရွေးချယ်ကာတင်ဒါ (Selective Tender) ခေါ်ယူထားပြီး တင်ဒါပြိုင်ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ပေါ်မှုတည်ကာ ကုမ္ပဏီတစ်ခုတည်းဖြင့် လုပ်ကိုင်ခြင်း သို့မဟုတ် ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ကိုင်ခြင်း နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆက်လက် ပြောသည်။
ဒုတိယ ၀န်ကြီးဦးဟန်စိန်က “အီတာလျံ-ထိုင်း(ITD) ကုမ္ပဏီကို ပေးလျော်ရမယ့် ပမာဏကတော့ ကန်ဒေါ်လာသန်းရာချီ ဖြစ်သွားမယ်။ ဒါကလည်း Due Diligence Assessment ပြီးမှပဲ လျော်ငွေအတိအကျ ကိုသိမှာပါ။ ပြန်ပြီးလုပ်ကိုင်မယ့် စီမံကိန်းမှာ ပြန်ပါမယ်၊ မပါဘူးဆိုတာက တင်ဒါကိစ္စပြီးမှ သိရမှာပါ”ဟု ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးရင်းနှီးမြှုပ်နှံသူဖြစ်သော အီတာလျံထိုင်းကုမ္ပဏီ ITD ၏ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များ ပြန်လည်ပေးလျော်နိုင်ရန် တွက်ချက်မှုများအတွက် ခွဲခြမ်းလေ့လာသုံးသပ်မှု လုပ်ငန်းစဉ်လုပ်ဆောင်ရန် စီမံကိန်းလုပ်ငန်းများ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းပိုင်းက စတင်ကာ ရပ်ဆိုင်းထားခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကိုမူ ကနဦး အခြေခံအဆောက်အအုံဆောက်လုပ်ခြင်း စီမံကိန်းနှင့် ဆက်လက် အကောင်အထည်ဖော်မည့် စီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားထားခြင်းဖြစ်သည်။ ကနဦးစီမံကိန်းကိုမူ လုပ်ငန်းစီမံကိန်းခုနစ်ခုဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းပြီးစီးရန် လျာထားခြင်းဖြစ်သည်ဟု ဇုန်တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးအေးမြင့်က မီဒီယာများကိုပြောထားသော်လည်း လက်ရှိတွင် လုပ်ငန်းကြန့်ကြာမှုများ ရှိနေလျက်ရှိသည်။