မွန်ပြည်သစ်ပါတီ (NMSP)ကို ပြည်သူများအနေဖြင့် ဝေဖန်အကြံပြု တိုင်ကြားစာများ ပေးပို့နိုင်ရန် စာတိုက်ပုံးပေါင်း ၂၅ ပုံးခန့်ကို ၎င်းတို့၏ နယ်မြေများအတွင်း တပ်ဆင်ပေးထားသည်ဟု NMSP ၏ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောသည်။
နိုင်ဝင်းလှက "ဒီစာတွေ အားလုံးကို ဌာနချူပ်က တိုက်ရိုက်သိမ်းတာပါ။ အောက်ခြေက လူတွေ ဖောက်ဖတ်ခွင့် လုံးဝမရှိပါဘူး။ စာထည့်တဲ့ လူတွေရှိပါတယ်။ ဒါပေမယ့် စာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတော့ မလုပ်ရသေးပါဘူး" ဟု ပြောသည်။
ယခုကဲ့သို့ စာတိုက်ပုံးများကို မွန်ပြည်သစ် ပါတီအပေါ် ပြည်သူများအနေဖြင့် မည်ကဲ့သို့ သဘော ထားရှိကြောင်းကို ဌာနချူပ်အနေဖြင့် သိရှိနိုင်ရန်၊ ပါတီကြောင့် ပြည်သူများအနေဖြင့် ခံစားနေရသော အခက်ခဲများကို လွတ်လပ်စွာ တိုင်ကြားနိုင်ရန်၊ ဝေဖန်အကြံပြုစာများကို ဟစ်တိုင်အနေဖြင့် ပေးပို့နိုင် ရန်တို့ကို ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ တာဝန်ရှိသူများက ဆိုသည်။
စာတိုက်ပုံးများကို လူစည်းကားရာနေရာများနှင့် အများပြည်သူများ မြင်နိုင်သည့် မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့် နေရာများတွင် စာရေးသားကာ ချိတ်ဆွဲထားခြင်း ဖြစ်ကြောင်း ဆက်ဆံရေးရုံးမှ တာဝန်ခံများသည်ပင် ဖောက်ဖတ်ခွင့်မရှိကြောင်း မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ခင်အေးက ပြောသည်။
စာတိုက်ပုံးများကို မော်လမြိုင်၊ သံဖြူဇရပ်၊ ကြာအင်ဆိပ်ကြီး၊ ဘားအံ၊ ပေါင်၊ ကျိုက်မရော၊ ကော့ကရိတ်၊ ဘုရားသုံးဆူ စသည့် မြို့နယ်များနှင့် ပါတီ ဌာနချူပ်ရှိရာ နေရာတဝိုက်တွင် သြဂုတ်လ အတွင်း တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။