နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော

နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးများ အရေးကြီးချိန်တွင် အာရုံလွှဲမည့် ကိစ္စများကို သတိထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စဖြစ်ပါတယ်၊ အာရုံလွှဲ မယ့်ကိစ္စတွေကို သတိထားကြပါ၊ သတိထားပါ” ဟု ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် ပုဇွန်တောင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့မှ ပါတီဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတင်ပြီး ငါးရက် အကြာ၊ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်အကြောင်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်

၎င်းက “အများပြည်သူ နားလည်အောင် ရှင်းပြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်မှာ အခြေတည်ပါတယ်” ဟု ၎င်း၏ပါတီဝင်များအားလည်း တိုက်တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒကောက်ယူရာ လက်မှတ်ပေါင်း ငါးသန်း ခန့်ရရှိ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင် ဆင်ရေးအတွက် ကျွန်မတို့လုပ်လိုက်တဲ့ လှုပ်ရှားမှု အင်မတန်မှ အောင်မြင်တယ်။ တခြား ဒီမိုကရေစီ နိုင်ငံတွေကတောင် အံ့သြနေကြတယ်” ဟု ပြောသည်။

ထို့ပြင် ဒီမိုကရေစီစစ်မှန်စေရန်မှာ ရွေးကောက်ပွဲစနစ် စစ်မှန်ရန်လိုအပ်ပြီး စစ်မှန်သည့် ရွေးကောက်ပွဲဆို သည်မှာ ပါ၀င်သင့်သူ အားလုံး ပါ၀င်ရမည်။ ပွင့်လင်းရမည်။ လွတ်လပ်ရမည်။ တရားမျှတရမည် ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒီလိုရွေးကောက်ပွဲများဖြစ်မှ သာလျှင် ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးချယ်မှုမျိုးကို ကျွန်မတို့က ဖော် ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူများသည် ၎င်းတို့လိုချင်သည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်သည့် အခွင့်အရေးမရှိပါက ဒီမိုက ရေစီစနစ်သည် ပြည့်စုံသည်ဟု မဆိုနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေးကြီးသကဲ့ သို့ ရွေးကောက် စနစ်မှန်ရန်လည်း အရေးကြီးသည်ဟု ဖြည့်စွက်ပြောသည်။

၎င်းက “ရွေးကောက်ပွဲစနစ် ရွေးချယ်တဲ့နေရာမှာ ပြည်သူကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူပဲ။ ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ ပြည်သူရဲ့ဆန္ဒ ရှင်းရှင်းမပါဘဲနဲ့ ကျွန်မတို့ဟာ ရွေးကောက်ပွဲ စနစ် ပြောင်းလဲ မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ပြောကြားခဲ့သည်။

Most read this week