အိုဘားမား တက်ရောက်မည့် ထိပ်သီး အစည်းအဝေးအတွက် လုံခြံုရေးအင်အား သောင်းကျော်သုံးမည်

အိုဘားမား တက်ရောက်မည့် ထိပ်သီး အစည်းအဝေးအတွက် လုံခြံုရေးအင်အား သောင်းကျော်သုံးမည်
by -
မဇ္စျိမ

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ ၁၁ နှင့် ၁၂ ရက်၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမားတက်ရောက်မည်ဖြစ်၍ လုံခြုံရေးအင်အားသောင်းနှင့်ချီ ချထားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က “အခုလာမယ့် အခမ်အးနားက တကယ့်အရေးကြီးတဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ ပါမှာဖြစ်တဲ့အတွက် လုံခြံုရေးအင်အား သောင်းနဲ့ချီ ချထားပါမယ်” ဟု ပြောသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က ညောင်ဦးမြို့၊ ပုဂံတွင် ပြုလုပ်သည့် အာဆီယံစီးပွားရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် လုံခြံုရေးယူထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

၎င်းက လုံခြံုရေးကို ပြည်တွင်းမှသာမက နိုင်ငံတကာရဲတပ်ဖွဲ့တို့ကလည်း သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ကြိုတင်သတင်းပို့ပေးခြင်း စသည်များကိုပါ ဆောင်ရွက်မည်ဟု ဆိုသည်။

၎င်းက “နယ်စပ်ဝင်ပေါက်တွေ၊ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေပါ လုံခြုံရေးကို ပြည့်ပြည့်ဝဝ ချထားပါတယ်။ လိုအပ်တဲ့ လေ့ကျင့်မှုတွေလည်း လုပ်ထားပါတယ်” ဟု ဆိုသည်။

လုံခြံုရေးအင်အားကို နေပြည်တော်ရှိ ရဲတပ်ရင်းဆယ်ရင်းမှသာမက အခြားဒေသများမှလည်း ဖြည့်တင်း သွားမည်ဟု ၎င်းက ပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေ ၈ မြို့နယ်တွင် ယာဉ်ထိန်းနှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့မှ နှစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ သုံးဦး စုစုပေါင်း ကိုဦးပါဝင်သည့် အဖွဲ့ကို တစ်မြို့ နယ်လျှင် လေးဖွဲ့ဖြင့် ညပိုင်းဆောင်ရွက် လျက်ရှိသည်ဟု နေပြည်တော် ယာဉ်ထိန်း တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

၎င်းက “စတာက ၂၄ ရက်က ဆိုပေမယ့် ဘယ်နေ့မှာ ပြီးမယ်ဆိုတာ နေပြည် တော်ကောင်စီက မညွှန်ကြား ထားသေးဘူး” ဟု ဆိုသည်။

နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကလည်း နေပြည်တော်တွင် ညပိုင်း ၌ မြန်မာနိုင်ငံရဲတပ် ဖွဲ့နှင့် ရွှေကြာပင်အခြေ စိုက် တပ်မတော်စစ်ကြောင်း ပူးတွဲကင်း လှည့်မှုများရှိသည်ဟု မကြာသေးမီ က ပြောကြားထားသည်။

အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များသည် အရှေ့အလယ်ရှိ ဆီးရီးယားနိုင်ငံ ရှိအိုင်အက်စ်များကို တိုက် ခိုက်လျက်ရှိသည့်အတွက် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ် လုံခြုံရေးသည် များစွာအရေးကြီး သည်ဟု ၎င်းင်းက ပြောသည်။

အိုင်အက်စ်၊ အယ်ခိုင်ဒါများနှင့် ဆက်စပ်သူဟု သံသယရှိသူ ၂၀ ခန့်ကို တောင်ကြီးမြို့တွင် ဖမ်းမိထား သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်း ဌာနက ပြောကြားထားသည်။

Most read this week