ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ထိပ်သီးလုပ်ကိုင် နေသူများကို မဖမ်းမိနိုင်သေး သရွေ့ လုပ်ငန်းလက်တွေ့အောင်မြင်ရန် ခဲယဉ်းမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မဇ္စျိမကို ပြောသည်။
“တိုက်ဖျက်နှိမ်နင်းရေးလုပ်ဖို့ လက်တွေ့မှာ မလွယ်ဘူး။ တစ်ကွက်ချင်း နှိမ်နင်းရုံနဲ့မရဘူး။ ဘိန်းကိုသယ် တဲ့အောက်ခြေ လူတန်းစားတွေကပဲ ထောင်ထဲရောက်တယ်။ လက်တွေ့မှာ ဘိန်းကမပျောက်ဘူး တကယ့် ကြီးကြီးမားမားလုပ်တဲ့ သူတွေကို မနှိမ်နှင်းနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ပအို၀်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့် ပြည်ထောင်စု အစိုးရတို့အကြား ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေး ထိုးထားသော်လည်း အစည်းအဝေး၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်းဖြင့်သာ အချိန်ကုန်နေသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိမြို့များ ဖြစ်သော တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင် လောင်း၊ လွိုင်လင်၊ နမ့်စမ်း၊ မောက်မယ် စသည့် မြို့များတွင် ယခုအခါ မြို့နယ်များ အနီး၌ပင် ဘိန်းစိုက်ပျိုးမှုရှိလာသည်ဟု တောင် တန်း ဒေသ လူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့မှ ခွန်ချိန်ကီက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တွင် အများဆုံးလုပ်ကိုင်ကြပြီး ကချင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကာ ရှမ်းတောင်ပိုင်းတစ်ခု တည်းတွင်ပင် ဘိန်းစိုက်ခင်းဧက ၃၀,၀၀၀ ကျော်ရှိသည်ဟု ရဲတပ်ဖွဲ့စာရင်းများ ကဆိုသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဟိုပုံး၊ ဖယ်ခုံ၊ ကလော၊ ညောင်ရွှေ၊ ကျောက်တလုံး နှင့် ဆီဆိုင်မြို့နယ်များရှိ ဘိန်းစိုက်ခင်း ၂၄,၂၁၈ ဧကအပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းဧက၂၉,၄၁၈ ကို ဖျက်ဆီး ခဲ့သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှတ်တမ်းများက ဆိုသည်။