ကိုပါကြီးသေဆုံးမှု စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အမြန်ဆုံးဖော်ထုတ်ရန် ၈၈မျိုးဆက်နှင့် အဖွဲ့အစည်းများ တောင်း ဆိုပြီ

ကိုပါကြီးသေဆုံးမှု စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အမြန်ဆုံးဖော်ထုတ်ရန် ၈၈မျိုးဆက်နှင့် အဖွဲ့အစည်းများ တောင်း ဆိုပြီ
by -
မဇ္စျိမ

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီး သေဆုံးခဲ့သည့်ဖြစ်စဉ် တွင် အမှုမှန်ပေါ်ပေါက်စေရန် လွတ်လပ်ပြီး ကျွမ်းကျင်သည့် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းဖော်ထုတ်ပေး ရန်နှင့် ပြစ်မှု ကျူးလွန် သူများအား တရားဥပဒေနှင့်အညီ အရေးယူရန် ၈၈မျိုးဆက်အပါအဝင် အဖွဲ့အစည်းပေါင်း ၄၆ဖွဲ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ကိုပါကြီး သေဆုံးခဲ့မှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် “သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိနေပြီး နိုင်ငံသားတစ်ဦး အနေဖြင့် ဥပဒေ၏ အကာအကွယ်ကို ရရှိရန်လိုအပ်ကြောင်းထင်ရှာ းစွာ ပြသနေသည်”ဟုဒီမိုကရက်တစ်အင်အားစုများက အောက်တိုဘာ၂၆ရက်တွင်စုပေါင်း သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် “ယခုဖြစ်ရပ်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်လုပ်ရပ်ဟု ယုံ ကြည်သဖြင့် ပြင်းထန်းစွာ ရှုတ်ချလိုက်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ကိုပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့၏ ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်းအောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန် ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှလက်နက်လုယူထွက်ပြေးသောကြောင့်ကင်းစောင့်စစ်သားကပစ်ခတ် ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

DKBA အဖွဲ့၏ (KKO) အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံဟု ကာကွယ်ရေးဌာနမှ ထုတ်ပြန်ထားသော်လည်း ကိုပါကြီးမှာ ၎င်းတို့၏ မည်သည့်အဖွဲ့နှင့်မှသက်ဆိုင်ခြင်း မရှိကြောင်း DKBA စစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းထွန်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

“KKO ကလက်နက်ကိုင်အဖွဲ့ မဟုတ်သလို ပြန်ကြားရေးဌာနလည်း မရှိပါဘူး။ ကိုပါကြီးနဲ့က ပုဂ်္ဂိုလ်ရေးအရ ရင်းနှီးမှုတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။