"ဝ" မိုင်းလား အဖွဲ့တို့နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးဆွေးနွေး

"ဝ" မိုင်းလား အဖွဲ့တို့နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးဆွေးနွေး
by -
မဇ္စျိမ

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် 'ဝ' အထူးဒေသ (၂) 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ခေါ် မိုင်းလား (NDAA) တို့  အောက်တိုဘာလ ၂၂ ရက်က ရှမ်းပြည်နယ် မိုင်းလားမြို့တွင် တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အပါအဝင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးကိစ္စတို့ ဆွေးနွေးခဲ့သည်ဟု UWSP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

“ပြည်လုံးကျွတ် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် UWSP ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ UPWC မှ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် 'ဝ' အထူးဒေသ (၂) မှ ဒု-ဥက္ကဋ္ဌ ဦးရှောင်မီးလျံ နှင့် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

'ဝ' "ဒေသမှာ အိမ်တိုင်း၊ ကျေးရွာတွေအားလုံး မီးလင်းဖို့ပဲ။ နောက်ဒေသရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးဖို့၊ လျှပ်စစ်မီးရယ်၊ ကားလမ်းရယ် တစ်ဆင့် တိုးမြင့်တင်ဆောင်ရွက်ဖို့ ကိစ္စဆွေးနွေးကြပါတယ်၊ စီမံကိန်း ခိုင်ခိုင်မာမာဖြစ်အောင် စာနဲ့လျှောက်လွှာတင်ဖို့၊ စီမံကိန်းကာလအတွင်းမှာ ပြီးမြောက်နိုင်ဖို့ ဒါတွေဆွေးနွေးပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

'ဝ' အထူးဒေသ (၂) အနေဖြင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်းနှင့် ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးနှင့် လက်ရှိ မိုင်းလား အထူးဒေသ(၄)တွင် တည်ဆောက်ဆဲဖြစ်သော ရေအားလျှပ်စစ်စက်ရုံကို အချိန်မီ ပြီးမြောက်တည်ဆောက်ရန် ဆွေးနွေးခဲ့တင်ပြခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက သီပေါမြို့နယ်တွင် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရန် အစိုးရထံ လျှောက်လွာ တင်ပြခဲ့ပြီးနောက် နှစ်ဖက် လေ့လာရန် စာချုပ် ချုပ်ဆိုခဲ့သော်လည်း UWSP က လေ့လာရာတွင် အတားအဆီးများ ရှိခဲ့မှုအပေါ် ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးအောင်မြင့်က ပြောသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် မကြာမီက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှု အပေါ် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် UWSP က ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးအောင်မြင့်က ပြောသည်။

“ဖြစ်လာတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးဖို့ ကျွန်တော်တို့ တင်ပြပါတယ်။ ဦးသိန်းဇော်ကတော့ နိုင်ငံတော်ရဲ့ မူဘောင်ကို ဆွေးနွေးတယ်။ ဒီလိုအခြေအနေအောက်မှာ အဟန့်အတားလေးတွေ ဖြစ်လာတာရှိတယ်။ ဒီဟာလေးတွေကို ပြန်လည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့ အခက်အခဲ ရှိတယ်ဆိုပြီးတော့ ဆွေးနွေးပါတယ်”ဟု ဦးအောင်မြင့်က ပြောသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်းတွင် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းမြောက်ပိုင်းတပ်မတော်(SSPP/SSA) တို့ တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ် တိုက်ပွဲများ ချက်ချင်းရပ်ရန်၊ အစိုးရ သိမ်းပိုက်ထားသော ဒေသနှင့် တပ်စခန်းများမှ ဆုတ်ခွာပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် အချိန်ဆွဲသွားနိုင်သလို၊ ယုံကြည်မှု လျော့နည်းသွားနိုင်သည်ဟု အောက်တိုဘာလ ၅ ရက်က UWSA နှင့် NDAA တို့သည် ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။

UWSP က ပန်ဝါမှ မိုင်းမောအထိ ကီလိုမီတာ ၄၀၀ ခန့် ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်သလို၊ မိုင်းမောမှ ပန်ဆန်းထိ ၆၀၀ ကီလိုမီတာခန့်ကို ဆောက်လုပ်နေဆဲ ဖြစ်ကာ ပြည်မနှင့်ဆက်သွယ်နိုင်ရန်အတွက် ပန်ဆန်းမှ တန်ယန့်ထိ တိုးချဲ့ တည်ဆောက်ရန်အတွက် စုစုပေါင်း ၁၀၀၀ ကီလိုမီတာ တည်ဆောက်ရန် လိုအပ်နေသည်ဟု သူက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မူတည်၍ ဆွေးနွေးခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ရေးကို ဝိုင်းဝန်းအကြံပြု ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ဒို့တာဝန် အရေးသုံးပါးနှင့် တိုင်းရင်းသားများ၏ အရေးအရာ ကိစ္စများကို ဝိုင်းဝန်း ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက်တပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟုလည်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

ဆွေးနွေးပွဲသို့ ဦးသိန်းဇော် ဦးဆောင်၍ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သော ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ပြည်သူ့ လွတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဌ ဥိးစိုးနိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၃ ရက်တွင် ဦးသိန်းဇော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် 'ဝ' နှင့် မိုင်းလား ကို်ယ်စားလှယ်များ လိုက်ပါ၍ မိုင်းလားမြို့ မြန်မာ-တရုတ်နယ်စပ်ဂိတ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ စစ်သည် အင်အားအကြီးဆုံးဖြစ်သော UWSP သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

Most read this week